MINE NEWS
test1

ရခိုင်နှင့် ပလက်ဝတွင် ၂ လနီးပါးအတွင်း မိုင်းပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့၍ ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရရှိခဲ့


Western News – ဇူလိုင်လ ၁၈ ရက်

ရခိုင်ပြည်နယ်မြို့နယ်တစ်ချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဇွန်လ မှ ဇူလိုင်လ တတိယအပတ် အထိ မြေမြုပ် မိုင်း ၄ အကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးအထိရှိခဲ့သည်။

အဆိုပါစာရင်းမှာ ယခုနှစ်ဇွန်လ ၄ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ မြေမြုပ်မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့သည့်အကြိမ်အရေအတွက်နှင့် သေဆုံး၊ဒဏ်ရာရရှိခဲ့ခြင်းကို Western News မှပြုစုထားသည့်စာရင်းဖြစ်သည်။

ဇွန်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့၊စံပြရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံအနောက်ဖက် မြို့ပတ်လမ်းတွင် မြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွား၍ မောင်စိုးဝင်းနိုင် အသက် ၂၂၊ မောင်နိုင်နိုင်ထွန်း အသက် ၂၂၊ မောင် ဦးကျော်ညွန့် အသက် ၂၅၊ နှစ်၊ မောင်မောင်ချေ အသက် ၂၇ တို့မှာ ၎င်းနေရာ၌ပင်သေဆုံးခဲ့ကြသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ပလက်ဝမြို့နယ်၊ အောက်သံထောင်ကျေးရွာမှ ဒေါ်ဆိပ်ဟွာမှာ ကျေးရွာ၏ တစ်ဖက်ကမ်းရှိတောင်ပေါ်၌ မျှစ်ခူးနေစဉ်မိုင်းနင်းမိကာ ပေါက်ကွဲမူဖြစ်ပွားခဲ့သဖြင့် ၎င်းနေရာမှာပင် ညာဖက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။

ဇွန်လ ၁၇ ရက်တွင် ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ ငှက်ပျောချောင်းကျေးရွာမှ ဒေါ်အေးမြ အသက် ၄၉ နှစ်မှာကျေးရွာအနီးရှိဖောက်ဖရဲတောင်သို့ အဖော်များနှင့် ဟင်း(မျှစ်)ရှာရန်သွားစဉ် မိုင်းထိမှန်ခဲ့ကာ ဘယ်ဖက်ခြေထောက် ခြေမျက်စိထက်မှပြတ်ထွက်သွားကာ ညာဖက်ခြေတွင်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင် ၁၀ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ ကျောက်ဆင်ကျေးရွာမှ ကိုလင်းမောင် ၂၃ နှစ်နှင့် ကိုစိုးမောင် ၂၈ နှစ်တို့မှာ ကျေးရွာအနီးရှိတောင်သို့ နွားရှာရန်သွားစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသည်။ ကိုလင်းမောင်မှာ ညာဖက်ခြေထောက် ဒူးဆစ် အောက်ကပြတ် ထွက်သွားပြီး ကိုစိုးနိုင်မှာတော့ ညာဖက်မျက်စိနှင့် လက်ဝါးနှစ်ဖက်လုံးမှာ ဒဏ်ရာရရှိခဲ့ သလို ဘယ်ဖက်ပေါင် နှင့် ညာဖက်ခြေသလုံးတို့မှာလည်း ဒဏ်ရာရရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ စစ်တွေ-အမ်းလမ်းမကြီးနှင့် ရသေ့တောင်မြို့နယ် အငူမော် မှမောင်တော မြို့နယ် ခမောင်းဆိပ် ကျေးရွာထိလမ်းမများ၏ ဘေးတစ်လျှောက်မိုင်းရှင်းလင်းမှုကို တပ်မတော်က ရက်အနည်းငယ်ကြာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရပ်တန့်ခဲ့သည်။

သို့သော်လည်း ကျေးရွာအနီးနှင့်တောတောင်များတွင် တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးကို ဆက်လက်လုပ် ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ရသူက Western News ကို ဇွန်လ ၁၉ ရက်နေ့တွင်ပြောဆိုခဲ့သည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားဒေသခံ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၈၂ ဦးထိရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏စာရင်းမှတ်တမ်းများ အရသိရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်