သံတွဲ ရေကောက်ကျေးရွာ
test1

စီမံကိန်းကြောင့်ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာ ၂ ရွာ နစ်နာကြေး အပြည့်အစုံမရသေး


Western News – ဇူလိုင် ၁၉ ရက်

သူဌေးရေအားလျှပ်စစ်စီမံကိန်းကြောင့် ကျေးရွာသစ်မြေနေရာသို့ ပြောင်းရွေ့နေထိုင်နေသည့် သံတွဲမြို့နယ်၊ ရေကောက်နှင့် ပုရစ်ကျေးရွာသားများမှာ ယခုအချိန်ထိ နစ်နာကြေးအပြည့်အစုံမရသေးကြောင်း ကျေးရွာသားများကပြောသည်။

သံတွဲမြို့နယ်၊ ရေကောက်နှင့်ပုရစ်ကျေးရွာသားများမှာ ၂၀၀၈ ခုနှစ်ကစတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် သူဌေးရေအား လျှပ်စစ်စီမံကိန်း၏ ရေဝပ်ဧရိယာထဲတွင်ပါဝင်သည့်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်ကာ ကျေးရွာသစ် မြေနေရာသို့ပြောင်းရွှေ့နေထိုင်နေရခြင်းဖြစ်သည်။

ရေကောက်ကျေးရွာ

စီမံကိန်းကြောင့်ပြောင်းရွှေ့ရသည့် ရေကောက်နှင့်ပုရစ်ကျေးရွာမှဒေသခံများ၏ နစ်နာကြေးကို သုံးသုတ်ခွဲပေးမည်ဖြစ်ပြီး ပထမအသုတ်တွင် ၃၀ ရာခိုင်နှုန်း၊ ဒုတိယအသုတ်တွင် ၄၀ ရာခိုင်နှုန်း၊ တတိယအသုတ်တွင် ၃၀ ရာခိုင်နှုန်းဖြင့် အသုတ်လိုက်ခွဲပေးမည်ဟု စီမံကိန်းတာဝန်ရှိသူများကပြောဆိုထားသည်။

ယင်းထဲမှ ပထမသုတ် ၃၀ ရာခိုင်နှုန်းကို ထုတ်ပေးထားပြီးဖြစ်သော်လည်း ဒုတိယသုတ်နှင့် တတိယသုတ်ကို ယခုအချိန်ထိမရရှိသေးကြောင်း ရေကောက်ဒေသခံ ဦးဝင်းဇော်က Western News ကိုပြောသည်။

“ပထမသုတ်ကတော့ အားလုံးရပြီ။ ဒုတိယဖြတ်နဲ့ တတိယဖြတ်တော့ မရသေးဘူး။ ပိုက်ဆံမရှိလို့ ကျနော့်မှာနေအိမ်ကို မမိုးရသေးဘူး။ မမိုးရသေးတဲ့ အိမ်ကနှစ်ရွာပေါင်း ၄၅ လုံးလောက်ရှိသေးတယ်။ ပိုက်ဆံမရတော့ လက်သမားတွေကလည်း မလုပ်ချင်တော့ဘူး။ ကျနော်တို့မှာလည်း ပေးဖို့ပိုက်ဆံမှမရှိတာ။ သူတို့ကတော့ ဘဏ်အခက်အခဲ ကြောင့် ငွေထုတ်မပေးနိုင်တာလို့ပြောတယ်။ ငွေထုတ်ပေးစေချင်တယ်” ဟုပြောသည်။

ကျေးရွာသားများကိုနစ်နာကြေး မထုတ်ပေးနိုင်ခြင်းမှာ ဘဏ်၏အခက်အခဲများကြောင့်ဖြစ်ပြီး လာမည့် ဇူလိုင်နောက်ဆုံးပတ်တွင် ငွေများထုတ်ပေးသွားမည်ဟု သူဌေးရေအားလျှပ်စစ်စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးကပြောသည်။

ရေကောက်ကျေးရွာ

“ဘဏ်ရဲ့အခက်အခဲကြောင့်ပေါ့။ ပြီးခဲ့တဲ့အပတ်ကဆိုရင် လူတိုင်း ပထမဖြတ် ၃၀ ရာခိုင်နှုန်းရသွားပြီ။ ပြီးတော့ အိမ်ထောင်စု ၁၂၀ ကိုလည်း သူတို့ ဘဏ်အကောင့်တွေကို နစ်နာကြေးရဲ့ ၁၀၀ ရာခိုင်နှုန်းကို ကျနော်တို့ကလွှဲပေးလိုက်ပြီးဖြစ်တယ်။ ဒီတပတ်က ဘဏ်ပိတ်တယ်။ လာမည့်အပတ် တနင်္လာနေ့ဆိုရင် ၄၀ ရာခိုင်နှုန်းကို စပြီးတော့ပေးမယ်” ဟုပြောသည်။

ရေကောက်နှင့် ပုရစ်ကျေးရွာသည် သံတွဲမှ ၂၅ မိုင်ခန့်ဝေးပြီး ယခုလက်ရှိပြောင်းရွှေ့နေသည့်မြေနေရာသည် သံတွဲ-တောင်ကုတ် ကားလမ်းဘေးတွင်ရှိသည် ဂျိန်ဒေါင်ဆည်နှင့်‌ ဒေါ်မျကျေးရွာကြားတွင်ရှိသည် မြေနေရာဖြစ်သည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအမြင့်မှာ ယခု မိုးရာသီတွင် ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂ မီတာထိရောက်ရှိမည် ဖြစ်ပြီး ရေကောက်နှင့်ပုရစ်ကျေးရွာသည် စီမံကိန်းရေဝပ်ဧရိယာ၏ပင်လယ်ရေ မျက်နှာပြင်အမြင့် ၂၂ မီတာဝန်းကျင်တွင် ရှိနေ၍ ရေမနစ်မြုပ်စေရန်အတွက်ပြောင်းရွှေ့ရခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြီးစီးမည် ဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်