Sittwe general hospital
test1

စစ်တွေဆေးရုံမှ သူနာပြုများ အလုပ်ပြန်ဆင်း



Western News – ဇူလိုင်လ ၂၁ ရက်

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသည့် ဆေးရုံအတွင်း သူနာပြုများနှင့် လူနာစောင့်များကြား အော်ဟစ်ပြောဆိုနေသည့် ဗွီဒီယိုဖိုင်များထွက်ပေါ်လာပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် အလုပ်မဆင်းကြသည့် စစ်တွေဆေးရုံမှသူနာပြုတချို့ ယနေ့ဇူလိုင်လ ၂၁ ရက် နေ့လည်ပိုင်းကစတင်အလုပ်ပြန်ဆင်းနေပြီဖြစ်ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာ ကြည်လွင်က ပြောသည်။

သူနာပြုများမှာ လုံခြုံရေးအရခြိမ်းခြောက်ခံရမှုများကြောင့် အလုပ်မဆင်းကြခြင်းဖြစ်ပြီး ယနေ့ နေ့လည်ပိုင်းမှစ၍ လုံခြုံရေးများဖြင့်အလုပ်ဆင်းနေပြီဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ဒေါက်တာ ကြည်လွင်က Western News ကိုပြောသည်။

“အလုပ်မဆင်းတဲ့ သူနာပြုတွေကတော့ ၁၁ ယောက်၊ ၁၂ ယောက်လောက်ရှိမယ်။ အရေအတွက်တော့အတိအကျမသိဘူး။ သူတို့ခြိမ်းခြောက် ခံရတယ်တဲ့။ သူတို့ဆေးလာထိုးပေးလို့ရှိရင် လူနာစောင့်တွေက ထုမယ်၊ ရိုက်မယ်။ အဲလိုခြိမ်းခြောက်တာတွေရှိတယ်လို့ ပြောတယ်။ ပြီးတော့ ဖေ့စ်ဘုတ်၊ ဘိုင်ဘာ၊ မက်ဆင်ဂျာတွေကလည်း ခြိမ်းခြောက်တာရှိသလို ဖုန်းဆက်ပြီးတော့ ခြိမ်းခြောက်တာလည်းရှိတယ်လို့ပြောကြတယ်။ အဲဒါကြောင့်သူတို့ အလုပ်မဆင်းရဲတာလို့ပြောတယ်။ ဒါဆိုရင် အစောင့်ရရင်ဆင်းမလားမေးတော့ အစောင့်ရရင် ဆင်းမယ်လို့ပြောတယ်။ ဆိုတော့ ကျနော်က ရဲမှူးကိုဖုန်းဆက်လိုက်တယ်။ ရဲမှူးက လုံခြုံရေးချပေးမယ်လို့ပြောတယ်။ သူတို့ အခုလုံခြုံရေးတွေနဲ့အလုပ်စဆင်းနေကြပြီ” ဟုပြောသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် အလုပ်မဆင်းသည့် သူနာပြုများမှာ အနည်းဆုံး သူနာပြု ၁၀ ကျော်ထိရှိခဲ့သည်ဟု ဆေးရုံအုပ်က ပြောဆိုသော်လည်း အလုပ်မဆင်းသည့် သူနာပြုအရေအတွက်ကို တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ယင်းအပြင် စစ်တွေဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာများ များပြားလာနေသည့်အတွက် အောက်ဆီဂျင်လိုအပ်ချက်များ ရှိလာနိုင်ပြီး ယခုရှိနေသည့် အောက်ဆီဂျင်များမှာ တစ်ရက်နှစ်ရက်ခန့်မျှသာ လုံလောက်မှုရှိကြောင်း ဆေးရုံအုပ် ဒေါက်တာကြည်လွင်က ဆက်ပြောဆိုသည်။

“အခုက လူနာတွေကများလာနေတော့ အောက်ဆီဂျင်လိုအပ်ချက်တွေရှိလာနိုင်တာပေါ့။ လူကြီးတွေကလည်း ရှိတဲ့အောက်ဆီဂျင်တွေကို စစ်တွေဆေးရုံကိုပို့တာတွေရှိတယ်။ မနက်က အောက်ဆီဂျင် အလုံး ၄၀ ရောက်တယ်။ အခုလဲ အလုံး ၄၀ လာနေတယ်။ ဒီမှာကထုတ်နိုင်တာက တရက်ကို အလုံး ၆၀ ပဲရတယ်။ လောလောဆယ်ကတော့ ဒီတစ်ရက်စာနှစ်ရက်စာလောက်တော့ လုံလောက်တယ်လို့ပြောနိုင်ပါတယ်” ဟုပြောသည်။

စစ်တွေဆေးရုံတွင် လက်ရှိအချိန်ကိုဗစ်လူနာဆောင် ၄ ဆောင်ရှိပြီး ယင်းအဆောင် ၄ ဆောင်အတွင်း ကိုဗစ်အတည်ပြု လူနာများပြည့်နှက်နေပြီဖြစ်၍ နောက်ထပ်ကိုဗစ်လူနာဆောင် ၁ ဆောင်ထပ်ဖွင့်ရန်လိုနေပြီး ဝန်ထမ်းအင်အားလုံလောက်မှု လည်းမရှိကြောင်း ဒေါက်တာကြည်လွင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက် ညနေ ၅ နာရိအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၁၇၀၃ ဦးနှင့် ကိုဗစ်ကြောင့်သေဆုံးသူ ၆၃ ဦးထိရှိပြီး ယင်းအထဲမှ ၁၀၁၇ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်ကာ ၆၈၆ ဦးမှာဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏စာရင်းများအရသိရသည်။
Western News=WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်