test1

ရခိုင်ရှိဆေးအရောင်းဆိုင်များတွင် ဆေးဝါးအချို့ပြတ်လပ်နေ


Western News – ဇူလိုင်၊ ၂၂ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားနေသည့်အခြေအနေ၌ မြို့နယ်ရှိဆေးဆိုင်တိုင်းနီးပါးတွင် ဆေးဝါးအချို့ ပြတ်လပ်မှုရှိနေကြောင်း ဆေးအရောင်းဆိုင်များမှ သိရသည်။

ပြတ်လပ်နေသည့် ဆေးဝါးများမှာ ဗီတာမင် C ၊ ဘိုင်အိုဂျက်ဆစ်၊ ပါရာစီတာမော့၊ အင်နာဗွန်စီ စသည့်ဆေးအမျိုးအစားများ ဖြစ်ပြီး ထိုဆေးများမှာ ဝယ်ယူသူများပြားကြောင်း စစ်တွေရှိ ‘စိန်’ဆေးအရောင်းဆိုင်မှ အရောင်းမန်နေဂျာ ဒေါ်အေးအေးမြင့် ကပြောသည်။

“ဆေးဆိုင်တွေတော်တော်များမှာ ဘိုင်အို၊ ပါရာ၊ ဗီတာမင်စီ၊ အင်နာဗွန်စီ စတဲ့ဆေးအမျိုးအစားတွေက လက်ရှိဆေးဆိုင် တွေမှာပြတ်နေတယ်။ အဲဒီဆေးတွေက ဝယ်ယူတဲ့သူတွေများတယ်။ ကျမတို့ဆိုင်မှာ ပြတ်သွားတာကတော့ ဘိုင်အိုနဲ့ ဗီတာမင် C အဲဒါက ၇ လပိုင်း ၁၈ ရက်လောက်ကပြတ်သွားတာ” ဟုပြောသည်။

ရောဂါဖြစ်ပွားမှုမြင့်တက်လာနေမှုကြောင့် ဆေးဝါးများကိုလိုအပ်သည်ထက် ပိုဝယ်ယူစုဆောင်းကြရာမှ ပြတ်လပ်မှု ဖြစ်သွားခြင်းဖြစ်ကြောင်း စစ်တွေရှိနတ်ရေစင်ဆေးဆိုင်ပိုင်ရှင် ကိုနေမျိုးမှ ပြောသည်။

“ခုကကိုဗစ်ရောဂါဖြစ်နေတဲ့ကာလဆိုတော့ အဲဆေးတွေသောက်ရင်ကောင်းတယ်ဆိုပြီး လူတွေက လိုအပ်တာ ထက်ပိုဝယ်ယူပြီး စုဆောင်းထားကြတယ်။ အဲလိုအများအပြားဝယ်ကြတော့ ဆေးတွေပြတ်သွားတဲ့အခြေနေရောက် သွားတာပါ”ဟုပြောသည်။

မြောက်ဦးမြို့ရှိ မောင်စောထွန်းဆေးဆိုင်မှလည်း ရန်ကုန်ရှိဆေးဆိုင်များမှာ ရောဂါအခြေနေ၊ နိုင်ငံရေးအခြေနေတို့ ကြောင့် ဆိုင်များပိတ်ထားရာ ဆေးဝါးများဝယ်ယူရခက်ခဲနေကြောင်း ပြောသည်။

“ဆေးတွေကဆိုင်တိုင်းလိုလိုမှာပြတ်နေတာပါ။ ရန်ကုန်မှာလည်း ရောဂါကတစ်မျိုး၊ နိုင်ငံရေးကလည်းတစ်ဖုံဆိုတော့ ဆိုင်တွေက ပိတ်ထားကြတယ်လေ။ အဲတော့လိုအပ်ရင်ဝယ်ရခက်တာပေါ့။ စစ်တွေလိုမြို့မျိုးမှာတောင် ဆေးဝါးတွေ ပြတ်နေတာ ကျနော်တို့ မြောက်ဦးဆိုပြောနေစရာမှမလိုတော့တာ” ဟုဆိုသည်။

ဆေးများပြတ်လပ်နေမှုကြောင့် လိုအပ်သောဆေးများကို ဈေးနှုန်းမြှင့်ပြီး ဝယ်ယူနေရကြောင်း မြောက်ဦးမြို့တွင် နေထိုင်သူ ကိုဝင်းလှိုင်ကပြောသည်။

“ဆေးတွေက ရှာမရပါဘူး။ လိုအပ်လို့ဈေးမြှင့်ပြီးပေးဝယ်ရင်တောင် လိုအပ်သလောက်မရပါဘူး။ ဆိုင်တိုင်းနီးပါး မရှိဖြစ်နေတော့ ရှိတဲ့ဆေးဆိုင်တွေက ၃ ဆလောက်ဈေးမြှင့်ပြီး ဝယ်ယူနေရပါတယ်” ဟုဆိုသည်။

ရခိုင်ရှိ မြို့နယ်တိုင်းတွင် ကိုဗစ်ဖြစ်ပွားသည့် ၂ လကျော်ကာလအတွင်း စားသောက်ကုန်ပစ္စည်းအပါအဝင် ရောဂါကာကွယ်ရေး အထောက်ကူပစ္စည်းများနှင့် ဆေးဝါးများအများအပြား ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှု အခြေနေများကြုံတွေ့နေကြရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်