test1

ကိုဗစ်ကာလတွင်း စားဝတ်နေရေး အကျပ်အတည်းဖြစ်သူများအား ရိက္ခာထောက်ပံ့ရန်စီစဉ်


Western News – ဇူလိုင်၊ ၂၂ ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ အခြေခံလက်လုပ်လက်စားများအား ကိုဗစ်ကာလတွင်း စားသောက်ရေးများ အခက်မကြုံရစေရန် လူမူရေးအဖွဲ့စည်းများပူးပေါင်း၍ စားနပ်ရိက္ခာများထောက်ပံ့ရန်စီစဉ်နေကြောင်း ဦးစီးဆောင်ရွက်နေသူများကပြောသည်။

ရိက္ခာများကို မနက်ဖြန် ဇူလိုင် ၂၃ ရက်နေ့မှစ၍ ထောက်ပံ့ပေးရန်စီစဉ်နေပြီး ကပ်ဘေးကာလတွင် အခြေခံလက်လုပ်လက်စားများ၏ အခက်အခဲကိုသိမြင်၍ ယခုကဲ့သို့ထောက်ပံ့ရန်စီစဉ်ခြင်းဖြစ်ကြောင်း ရိက္ခာထောက်ပံ့ကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ARG(ရခိုင်မျိုးစောင့်အဖွဲ့) ဥက္ကဋ္ဌ ဦးဘအေး မှပြောသည်။

“ခုလိုစီစဉ်တာက ကျနော်တို့ ARG အဝင်အပြင် သာရေးနာရေးအသင်းတွေ၊ အိုလံပစ်အသင်း တစ်ခြားလူမှုအသင်းတွေ အသီးသီး ပါဝင်ကြပါတယ်။ ရတဲ့ထောက်ပံ့ငွေအားလုံးပေါင်းက လက်ရှိထိတော့ သိန်း ၁၂,၄၅၀,၀၀၀ လောက် ထိရထားပါတယ်။ ဒီငွေတွေနဲ့ စစ်တွေမြို့ပေါ်က လက်လုပ်လက်စား အလုပ်သမားတွေကို ဆန်၊ ဆီ၊ ပဲ စတာတွေ ကူညီထောက်ပံ့ပေးသွားမှာပါ။ မနက်ဖြန်ကနေ ကျနော်တို့ ကိုယ်တိုင်ပဲကွင်းဆင်းပြီးတော့ ထောက်ပံ့ပေးမှာပါ” ဟုပြောသည်။

ရိက္ခာကို မိသားစုတစ်စု၏ ၂ ပတ်စာ အတိုင်းအတာထိ ထောက်ပံ့ပေးသွားရန်ရှိကြောင်းနှင့် ယခုကဲ့သို့ပြုလုပ်ခြင်းမှာ လူစူလူဝေးဖြစ်ပေါ်ခြင်းနှင့် ကိုဗစ်ပျံ့နှံ့ကူးစက်မှုကို လျော့ကျစေရန်လည်း ရည်ရွယ်ကြောင်း သူက ဆက်ပြောသည်။

“ရိက္ခာတွေကို ၂ ပတ်စာလောက်ထိထောက်ပံ့ဖို့စီစဉ်ထားပါတယ်။ ခုလိုမျိုးကူညီတာလည်း သူတို့တွေ ဝမ်းရေးအတွက် အလုပ်ထွက် လုပ်ရာက နေလူစုလူဝေးဖြစ် ရောဂါကူးစက်ပြီး ရောဂါပျံ့နှံ့မှုဖြစ်စဉ်တွေ မဖြစ်ရ အောင်လည်း ရည်ရွယ်ပြီးတော့ ခုလိုထောက်ပံ့ ကူညီမှုတွေပြုလုပ်တာပါ။ ထောက်ပံ့ကူညီရေးအတွက် ပြင်ပစေတ နာရှင်တွေဆီက အလှူငွေတွေကိုလည်း လက်ခံနေပါတယ်” ဟုဆိုသည်။

ရခိုင်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနေသည်မှာ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ဤကာလအတွင်းတွင် ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် လူစုလူဝေးပြုလုပ်ခြင်းများရှောင်ကြည်ကြရန် သက်ဆိုင်ရာများမှ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ထားရာ လက်လုပ်လက်စား ပြည်သူများ၏ စားဝတ်နေရေးအခြေအနေများမှာ အခက်ကြုံလျက်ရှိကြသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်