OXYGEN PLANT IN MRAUK-U
test1

ဘူးသီးတောင်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ဘာသာပေါင်းစုံမှ လှူဒါန်းငွေ သိန်း ၁၀၀၀ ရရှိထား


Western News – ဇူလိုင်၊ ၂၂ ရက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် သာသာပေါင်းစုံအင်အားဖြင့် စုပေါင်း၍ စက်ရုံဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်နေကြကြောင်း စက်ရုံတည်ဆောက်ရေးကော်မတီဝင်များမှ ပြောသည်။

စက်ရုံဖြစ်မြောက်ရေး အတွက် အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ အားလုံးပူးပေါင်း၍ ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင် ရွှေကျင်ကျောင်း ဆရာတော်အရှင်နာယက ကမိန့်သည်။

“အောက်ဆီဂျင်စက်ရုံဆိုတာ တစ်ခြားမြို့တွေမှာလည်း ကိုယ်စီတည်ဆောက်ဖို့လုပ်နေကြပြီ။ မြောက်ဦးဆိုပြီး တောင်ပြီးသွားပြီ။ ဦးဇင်းတို့ ဘူးသီးတောင်ဆိုတာကလည်း တစ်ခြားမြို့တွေနဲ့သိပ်မနီးဘူး။ ကိုဗစ်ကာလကြီးမှာ အောက်ဆီဂျင်လိုအပ်ချက်ကအရေးပါတဲ့ ကဏ္ဍမှာရှိလာတယ်။ အဲတော့ လိုအပ်တဲ့လူတွေအတွက် အလွယ်တကူ ရယူနိုင်အောင် ခုလိုစီစဉ်တာပါ။ စီစဉ်တဲ့ထဲမှာ ဦးဇင်းတို့သက်သက်ပဲမဟုတ်ဘူး တစ်ခြား အစ္စလာမ်ဘာသာဝင် တွေ၊ ဟိန္ဒူဘာသာဝင်တွေလည်းပါပါတယ်” ဟုပြောသည်။

စက်ရုံတည်ဆောက်ရန် ဇူလိုင်လ ၂၀ ရက်နေ့က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့ကြပြီး ထိုနေ့တွင်ပင် အလှူငွေ သိန်း ၁ ထောင်အထိရရှိခဲ့ကြောင်း စက်ရုံဖြစ်မြောက်ရေးကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။

“ကျနော်တို့ ၁၇ ရက်နေ့ က တိုင်ပင်ကြတယ်။ ဒီလိုလုပ်ရင်ကောင်းမလားပေါ့။ တိုင်ပင်ပြီး ၂၀ ရက်နေ့မှာ မြို့ကတာဝန်ရှိသူတွေပါခေါ်ပြီး အစည်းဝေးလုပ်ပြီး ဆုံးဖြတ်လိုက်ကြတာ။ အစည်းအဝေးဆုံးဖြတ်တဲ့ နေ့မှာပဲ အလှူငွေ သိန်း ၁ ထောင်လောက်ရနေပါပြီ” ဟုဆိုသည်။

အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးရော်ဖီးကလည်း စက်ရုံဖြစ်မြောက်ရေးတွင် လူမျိူးဘာသာအားလုံး ဝိုင်းဝန်းပါဝင်ကြသည့်အတွက် ဝမ်းသာမိကြောင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ လည်း ပိုလာကြောင်း ပြောသည်။

“အောက်ဆီဂျင်ဆိုတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့အရာလေနော်။ ခုလိုမျိုးလူတိုင်းအတွက် အကူညီဖြစ်စေမယ့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကိစ္စမှာ လူမျိုးဘာသာပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ကြ တော့ အရမ်းဝမ်းသာရပါတယ်။ တစ်ဦးနဲ့ တစ်ဦးရင်းနှီးမှု ချစ်ခင်မှုတွေလည်း ပိုရသွားပါတယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့တွင် တည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံအတွက် စက်ကိုကြိုတင်မှာယူထားပြီဖြစ်ပြီး ၂၄ နာရီ လုံးထုတ်လုပ်လျှင် ၄၀ လီတာဆန့်သည် အောက်ဆီဂျင်ဘူး အလုံး ၈၀ မှ ၁၂၀ ခန့်အထိရနိုင်ကြောင်း ကော်မတီဝင် များထံမှသိရသည်။

ဓာတ်ပုံ- မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့စက်ရုံတွင် အောက်ဆီဂျင်စတင်ထုတ်လုပ်နေသည့်မြင်ကွင်း
Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်