Mrauk-U OXYGEN PLANT
test1

စက်ရုံမှထွက်ရှိသည့် အောက်ဆီဂျင်များကို စီမံခန့်ခွဲမည်ဟု ပြည်နယ်ကောင်စီပြောဆိုချက် နန်းရိပ်ဂရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့လက်မခံ


Western News – ဇူလိုင်လ ၂၃ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒဦးဆောင်တည်ဆောက်ထားသည့် နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးစက်ရုံမှထွက်ရှိသည့် အောက်ဆီဂျင်များကို စီမံခန့်ခွဲမည်ဟု ပြည်နယ်ကောင်စီပြောဆိုချက်အား လက်ခံစရာမရှိကြောင်း နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ကပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာများ များပြားလာပြီး အောက်ဆီဂျင်များမလောက်မငှဖြစ်နေသည့်အတွက် မြောက်ဦးဆရာတော်အားလျှောက်ထားပြီး မြောက်ဦးအတွက်လိုအပ်သည့်အောက်ဆီဂျင်မှအပ ကျန်ရှိသည့် အောက်ဆီဂျင်များကို မြို့နယ်အလိုက်ချပေးရန် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲမည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက Western News ကိုပြောသည်။

“အခုပြည်နယ်အတွင်းမှာထွက်တဲ့အောက်ဆီဂျင်နဲ့ လူနာတိုးတက်လာတာနဲ့ အခုရက်ပိုင်းမှာဆိုရင် ပြည်နယ်ထဲကဟာနဲ့ မလောက်ဘူး။ ငါတို့က အပြင်ကနေသွင်းပေးပြီးတော့ ပြတ်မသွားအောင်လုပ်ပေးနေတာ။ လုပ်ပေးနေတော့ အခုမြောက်ဦး စက်ကိုလည်း ဆရာတော်ကြီးဆီကိုလျှောက်ထားပြီးတော့ မြောက်ဦးအတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကိုယူထားလိုက်။ ကျန်တဲ့ဟာကိုတော့ ငါတို့စီမံခန့်ခွဲနေတဲ့ ကော်မတီကပဲ မြောက်ဦးကအလုံးဘယ်လောက်ထွက်တယ်။ ကျောက်တော်ကို ဘယ်လောက်ပေးလိုက်၊ မင်းပြားကိုဘယ်လောက်ပေးလိုက်၊ ရသေ့တောင်ကိုဘယ်လောက်ပို့လိုက် အဲဒီစီမံခန့်ခွဲမှုတွေကိုတော့ ငါတို့ကလုပ်မယ်လို့ ပြောတာ”ဟုပြောသည်။

ဇူလိုင်လ ၂၂ ရက် နံနက် ၉ နာရီအချိန်က ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌရုံးခန်းတွင်ပြုလုပ်သည့် ကိုဗစ် ၁၉ ထိန်းချုပ် ကာကွယ်တိုက်ဖျက်ရေး အစည်းအဝေးမှ ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များနှင့် တပ်မတော်အရာရှိများ တက်ရောက်ခဲ့သည်။

ယင်းအပြင် နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးစက်ရုံအခမဲ့ကူညီရေးအဖွဲ့သို့ ပြည်နယ်ကောင်စီမှ ငွေကျပ်သိန်း ၁၀၀ လှူဒါန်းရန်ပြောဆိုခဲ့သော်လည်း စက်ရုံတည်ဆောက်ရေးအဖွဲ့က မလိုအပ်ဟုပြောဆိုသည့်အတွက် အောက်ဆီဂျင်အိုး အလုံးရေ ၁၀၀ လှူဒါန်းရန် ပြောဆိုထားသည်ဟု ဦးလှသိန်းကဆက်ပြောသည်။

နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးစက်ရုံတည်ဆောက်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ဝင်းရွှေကတော့ စက်ရုံမှထွက်ရှိ သည့်အောက်ဆီဂျင်များကို ပြည်နယ်ကောင်စီက စီမံခန့်ခွဲရန်မလိုကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များသို့ အောက်ဆီဂျင်ကူညီရေးလုပ်ငန်းများကိုလည်း ၄င်းတို့ကိုယ်တိုင်လုပ်ဆောင်နေကြောင်း ပြောသည်။

“အောက်ဆီဂျင်လိုအပ်ချက်ကို ကျနော်တို့လက်တွေ့လုပ်ဆောင်နေတဲ့သူတွေပဲသိတယ်။ အခုကျနော်တို့လည်း ဆေးရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ အောက်ဆီဂျင်ကူညီရေးတွေလုပ်နေတယ်။ ဒီဟာကို ပြည်နယ်ကောင်စီ ကလုပ်စရာမလိုဘူး။ ကောင်စီက လိုအပ်တာလည်း ကျနော်တို့လိုအပ်တာပဲဖြစ်တယ်။ ကောင်စီကပြည်သူကို ပေးချင်သလို ကျနော်တို့ကလည်း ပြည်သူကို ပေးနေတာဖြစ်တယ်” ဟုပြောသည်။

ယင်းအပြင် စက်ရုံတည်ဆောက်ရာတွင် ပြည်နယ်ကောင်စီကလှူဒါန်းငွေများမပါဝင်သလို အောက်ဆီဂျင်အိုး အလုံးရေ ၁၀၀ အတွက် လှူဒါန်းမည်ဟု ပြည်နယ်ကောင်စီက ကမ်းလှမ်းခဲ့သော်လည်း စက်ရုံမှာတည်ဆောက်ပြီးစီးနေပြီဖြစ်သည့်အတွက် လက်မခံခဲ့ကြောင်း ဥက္ကဌ ဦးမောင်ဝင်းရွှေ ကဆက်လက်ပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်