Rakhine govt
test1

ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို ထိန်းချုပ်ခြင်းမရှိဟု ပြည်နယ်ကောင်စီဆိုပြန်


Western News – ဇူလိုင်လ ၂၃ ရက်

ဝေဖန်မှုများပြင်းပြင်းထန်ထန်ထွက်လာပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများတည်ဆောက်နေမှုအား ထိန်းချုပ်နေခြင်း မဟုတ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ဇူလိုင် ၂၃ ရက်နေ့က ပြန်လည်ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၂၃ ရက်က ပြုလုပ်သည့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ အဖွဲ့ဝင်များ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် တိုင်းမှူးတို့တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြန်လည်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်ဆောင်ရွက်နေသူများအား ယခုလက်ရှိအခြေအနေတွင် အောက်ဆီဂျင်ပေးရန် လိုအပ်သော ဆေးရုံများရှိ ကိုဗစ် Positive လူနာများနှင့် အခြား Positive Center များရှိလူနာများအတွက် အချိန်မီပေးနိုင်ရေး ခရိုင်/မြို့နယ် အောက်ဆီဂျင်စီမံခန့်ခွဲရေး ကော်မတီများက စီစဉ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်းနှင့် ထိန်းချုပ်ခြင်းမရှိကြောင်း နားလည်သဘောပေါက်အောင်သေချာရှင်းလင်း‌ပြောကြားဆောင်ရွက်သွား ရန်နှင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု ယင်းအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

မြောက်ဦးအတွက်လိုအပ်သည့်အောက်ဆီဂျင်မှအပ ကျန်ရှိသည့် အောက်ဆီဂျင် များကို မြို့နယ်အလိုက်ချပေးရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲမည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက Western News ကို ယမန်နေ့ ဇူလိုင်လ ၂၂ ရက်ကဖြေဆိုထားသည်။

ဦးလှသိန်း၏ ပြောဆိုချက်နှင့်ပတ်သတ်ပြီး စက်ရုံမှထွက်ရှိသည့် အောက်ဆီဂျင်များကို ပြည်နယ်ကောင်စီက စီမံခန့်ခွဲရန်မလိုကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များသို့ အောက်ဆီဂျင်ကူညီရေးလုပ်ငန်းများကိုလည်း ၄င်းတို့ကိုယ်တိုင်လုပ်ဆောင်နေကြောင်း နန်းရိပ်ဂရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးစက်ရုံတည်ဆောက်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ဝင်းရွှေက Western News ကို ပြောသည်။

ဇူလိုင်လ ၂၂ ရက်က ပြုလုပ်သည့် ပြည်နယ်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်တွင် မြောက်ဦးမြို့ နန်းရိပ်ဂရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေး စက်ရုံမှထွက်ရှိသည့် အောက်ဆီဂျင်များကို စီမံခန့်ခွဲမည်ဟု ပြည်နယ်ကောင်စီပြောဆိုချက်အပေါ် ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများ၊ ဒေသခံများက လူမှုကွန်ရက်စာမျက်နှာများတွင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာ ၁၉၂၆ ဦးနှင့် ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ ၈၁ ဦးထိ ရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်