test1

အသက် ၈၀ ကျော် ကိုဗစ်လူနာ ၂ ဦးရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ


Western News – ဇူလိုင်လ ၂၅ ရက်

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် အသက် ၈၀ ကျော် အဘိုးအဘွားနှစ်ဦး ၁၀ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပြီးနောက် ရောဂါပျောက်ကင်း၍ ဂွပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်။

ဂွပြည်သူ့ဆေးရုံတွင် ၁၀ ရက်ကြာဆေးကုသမှုခံယူခဲ့ပြီးနောက် ရောဂါများပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဂွပြည်သူ့ ဆေးရုံအုပ်ကြီးက Western News ကို ပြောသည်။

အဘိုးအဘွားနှစ်ဦးမှာရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဇီးခုံကျေးရွာမှာ အသက် ၈၆ နှစ်အရွယ် အဘွားတစ်ဦးနှင့် အသက် ၈၂ နှစ်အရွယ် အဘိုးတစ်ဦးတို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင် ၂၄ ရက်နေ့ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ဆေးရုံမှကျန်းမာစွာဆင်းသွားပြီဖြစ်ကြောင့် ဂွပြည်သူ့ဆေးရုံအုပ် ဒေါက်တာကောင်းစံမြင့်က Western News ကိုအတည်ပြု ပြောသည်။

“သူတို့မှာ ရောဂါအခံလည်းမရှိဘူး။ ဆေးရုံမှာတော့ ၁၀ ရက်ဆေးကုသမှုခံယူခဲ့ရတယ်။ သူတို့နှစ်ယောက်လုံး ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။ မနေ့က နေ့လည် ၁ နာရီက ဆေးရုံက ဆင်းသွားပြီ။ ရောဂါပျောက်ကင်းသွားပြီ၊ အသက် ၈၆ နှစ်အရွယ် အဘွားတယောက်ရယ်၊ အသက် ၈၂ နှစ်အရွယ် အဘိုးတစ်ယောက်ရယ်။ နှစ်ယောက်ပေါ့” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ဇူလိုင်လ ၂၃ ရက် ညနေ ၅ နာရီအချိန်ထိ ကိုဗစ်ကြောင့်သေဆုံးသူ ၉၃ ဦးနှင့် ကိုဗစ်ပိုးကူးစက်ခံရသူ ၂၀၂၇ ဦးထိရှိလာပြီး ယင်းအထဲမှ ၁၂၂၂ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိကာ ဆေးကုသမှုခံယူနေရသူ ၈၀၅ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်