test1

ရခိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ၊ တောင်ကုတ်နှင့် စစ်တွေတွင် သေဆုံးမှု အများဆုံးဖြစ်


Western News – ဇူလိုင် ၂၆ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်း၌ သေဆုံးသူ ၁၀၀ ကျော်ရှိလာနေပြီး ယင်းအထဲတွင် စစ်တွေနှင့် တောင်ကုတ်တို့မှာ အများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့ ညနေ ၅ နာရီအထိ ကိုဗစ်ဖြင့် သေဆုံးသူ ၁၀၃ ဦးထိရှိခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူမှာလည်း ၂၀၀၀ ကျော်ရှိသည်။

ယင်းထဲတွင် တောင်ကုတ်မြို့မှာ ၃၅ ဦးဖြင့် သေဆုံးနှုန်းအများဆုံးမြို့ဖြစ်ပြီး စစ်တွေမြို့မှာ ၂၆ ဦးဖြင့် ဒုတိယသေဆုံးနှုန်းအများဆုံးဖြစ်သည်။

ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်စာရင်း များအရ ရခိုင်တွင်ကိုဗစ်ဖြင့် နေ့စဉ် ၁၀ ဦးနီးပါးခန့် သေဆုံးမှုရှိနေသည်။ ယင်းပြင် ကိုဗစ်ကူးစက်နှုန်းမှာလည်း တစ်ရက်လျှင် ၇၀ ကျော်မှ ၁၀၀ ကျော်ထိရှိနေသည်။ စစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တောစသည့် ၄ မြို့နယ်မှာ ပိုးကူးစက်မှုအများဆုံးမြို့နယ်များဖြစ်ကြောင်း ကိုလည်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ထုန်ပြန်ချက်အရသိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသူ ၄ ဦးထံ ကိုဗစ်ပိုးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ကိုဗစ်၁၉ ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် ကုန်သွယ်ရေးစခန်းများကို ဇူလိုင် ၁၅ ရက်နေ့မှာ စ၍ ၃၁ရက်နေ့ထိ ယာယီ ပိတ်ထားလိုက်သည်။

အလားတူ အခြေခံပညာကျောင်းများကိုလည်း ဇူလိုင် ၂၆ ရက်နေ့မှ သြဂုတ် လ ၈ ရက်နေ့အထိ ၂ ပတ်ထပ်တိုး ပိတ်ထားသည်။ ယခု တတိယလှိုင်း ကိုဗစ် ၁၉ မျိုးစိတ်မှာ ယခင်မျိုးစိတ်မှ ဗီဇသစ်ပြောင်းလာသည့် ဗီဇသစ်ဖြစ်သည့်အတွက် ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူများလည်း ကူးစက်မှုများရှိနေသည်။

ဗီဇသစ်ပြောင်းလဲမှုကို စမ်းသပ်၍ မရ သေးကြောင်း ကုသရေးမှူး ဒေါက်တာကြည်လွင်က ပြောထားသည်။ကိုဗစ်ရောဂါ ဆက်လက်မပြန့်ပွားစေရေးအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှလည်း Stay at home နေထိုင်ကြရန် ၂ ပတ်သတ်မှတ်ထားသလို ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ကိုဗစ်ကာကွယ်ဆေးကိုမဖြစ်ဖြစ်အောင် ထိုးကြရန် အသိပေးပြောကြားထားသည်။

ရခိုင်ပြည်နယ်ကောင်စီကလည်း ကိုဗစ်စည်းကမ်းမလိုက်နာသူများကို ငွေဒဏ်မှ ထောင်ဒဏ်ထိ အရေးယူသွား မည်ဟုပြောဆိုသည်။Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်