Western News – ဇူလိုင် ၂၆ ရက်
ကိုဗစ် ၁၉ ကာလအတွင်း ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအားလုံးနီးပါးတွင် စားနပ်ရိက္ခာအကြပ်အတည်းများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောသည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း စုစုပေါင်း ၁၀၀ ကျော်ထိရှိပြီး စခန်းအားလုံးတွင် ကိုဗစ် ၁၉ နှင့်ပတ်သတ်၍ ပညာပေးမှုများအားနည်းနေသလို စားနပ်ရိက္ခာအကြပ်အတည်းများဖြင့်လည်း ရင်ဆိုင်နေရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်း၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။
“ကျွန်တော်တို့ ရခိုင်က စစ်ဘေးရှောင်စခန်းအားလုံးနီးပါးမှာ ကိုဗစ်ကာလ စားနပ်ရိက္ခာကြပ်တည်းမှုတွေနဲ့ကြုံ တွေ့နေရတယ်။ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဟာ ပထမဆုံး စစ်အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တွေက မလည်ပတ်နိုင်ဘူး။ ဘဏ်အခက်အခဲကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ငွေကြေးတွေကြပ်တည်းဖြစ်သွားတယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်းတွေကို ကိုဗစ်ကြောင့် အပြင်ထွက်ခွင့်တွေကန့်သတ်ထားတော့ ပိုပြီး အကြပ်အတည်းတွေနဲ့ ကြုံနေရတာပေါ့။ ထောက်ပံ့မှုတွေကလည်း ပုံမှန်မရောက်တော့ဘူး။ အပြင်ထွက်ပြီး လည်းရှာစားလို့မရတော့တဲ့အတွက် စားနပ်ရိက္ခာကြပ်တည်းမှုက ပိုဖြစ်နေတာ” ဟုပြောသည်။
စစ်ဘေးရှောင်စခန်းများတွင် လူနေထူထပ်သည့်အတွက် ကိုဗစ်ကူးစက်ခံရပါက စစ်ဘေးဒုက္ခသည်များအနေဖြင့် ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
ယင်းသို့မဖြစ်စေရန် ကိုဗစ်ကာကွယ်ရေး အသိပညာပေးမှု များ၊ကာကွယ်ရေးပစ္စည်းများနှင့်သက်ကြီးရွယ်အို အပါအဝင် ကလေးငယ်များကို အာဟာရချို့တဲ့မှုမဖြစ်စေရန် ထောက်ပံ့မှုများလိုအပ်သည်ဟုလည်း ကိုဇော်ဇော်ထွန်းကဆက်ပြောသည်။
ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိပြီး lock down ချထားသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းတွင် လူကယ်ပြန်မှ ၂ လတစ်ကြိမ်သာထောက်ပံ့ မှုရရှိပြီး စစ်ဘေးဒုက္ခသည်များမှာ ကျန်စားနပ်ရိက္ခာဖြစ်သည့် ဟင်းသီးဟင်းရွက်နှင့် အသားငါးအတွက် ပြင်ပအလှူရှင်ရှိမှသာ စားသောက်ရကြောင်း အဆိုပါစခန်းတာဝန်ခံ ဦးညီပုကပြောသည်။
“လူကယ်ပြန်က ဆန်က ၂လ ၁ကြိမ်ပဲရောက်ပါတယ်။ ပုံမှန်ထောက်ပံ့မှု မရတော့ပါဘူး။ ICRCကတော့ ဆီ၊ဆား၊ ပဲ၊ လက်ဖက်၊စတဲ့မီးဖိုချောင်သုံးတွေပေးပါတယ်။ ဒါပေမယ့် ထမင်းတစ်ခုတည်းစားနေလို့က အဆင်မပြေပါဘူး။ အရင်တုန်းကတော့ အပြင်ထွက်ပြီး ရှာဖွေစားသောက်လို့ရတယ်။ ခုက စခန်းကို lock downချထားတာကြောင့် အပြင်ထွက်လို့မရဘူးလေ။ ဆိုတော့ ပြင်ပအလှူရှင်တွေပဲ အားကိုးနေရပါတယ်။ အလှူရှင်မရှိရင် ဖြစ်သလိုစား သောက်ရတာပေါ့” ဟုပြောသည်။
ယင်းပြင် ကိုဗစ်ရောဂါကြေင့် စစ်ဘေးရှောင်စခန်းမှ တစ်ခြားသောကျေးရွာများသို့ သွားလာခွင့်ကန့်သတ်ထားပြီး ဆေးဝါးအပြင် စားနပ်ရိက္ခာအခက်အခဲနှင့် ထောက်ပံ့မှုများပုံမှန်မရရှိကြောင်း ကျောက်တော်မြို့နယ် ညောင်ချော င်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည် ဦးလှမောင်ကျော်ကပြောသည်။
“တစ်ခြားရွာတွေကို သွားလာမှုကန့်သတ်ထားပါတယ်။ စခန်းထဲမှာတော့ တတ်နိုင်သလောက် ကိုဗစ်ကာကွယ် တဲ့အနေနဲ့ လက်ဆေးတာတို့ maskတပ်တာတို့ရှိပါတယ်။ ဒါပေမယ့် ဆေးဝါးတွေကတော့ လိုအပ်ပါတယ်။ ပုံမှန်ထောက်ပံ့နေတဲ့ WFPကလည်း ထောက်ပံ့မှုမရှိတာ ၂ လလောက်ရှိပါပြီ။ လူကယ်ပြန်ကတော့ ဆန်တစ်ခုပဲ ထောက်ပံ့မှုရတာပေါ့။ ကျန်တာတွေကိုတော့ ဖြစ်သလိုရှာဖွေစားသောက်နေရပါတယ်” ဟုပြောသည်။
အလားတူ လူဦးရေ ၁၀၀၀ နီးပါးရှိသည့် မြောက်ဦးမြို့နယ် ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း စစ် ဘေး ရှောင်စခန်းမှာ ရေနစ်မြှပ်နေသည့်အပြင် စားနပ်ရိက္ခာပုံမှန်ထောက်ပံ့မှုမရှိသည့်အတွက် စားသောက်ရေး အခက်ကြုံတွေ့ နေရကြောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံကပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါမှာ ကူးစက်ပျံ့နှံ့မှုများပြားလာနေပြီး သေဆုံးမှုမှာလည်းမြင့်တက်လာနေသ သည်။ စစ်ဘေးရှောင်စခန်းများတွင် လူနေထူထပ်သည့်အတွက် ကိုဗစ်ရောဂါ အသိပေးမှုများနှင့် ဆေးဝါးပစ္စည်း များလိုအပ်လျက်ရှိနေသည်။
လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှ မြို့နယ်အသီးသီးတွင် စစ်ဘေးရှောင်စခန်း ၁၀၀ ကျော်ရှိပြီး စခန်းတွင်း နေ ထိုင်သည့်စစ်ဘေးဒုက္ခသည်ဦးရေ ၇၀၀၀၀ နီးပါးရှိနေသည်ဟုရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏စာ ရင်းအရသိရသည်။
Western News -WN