Covid 19positive patient died in the way
test1

ရသေ့တောင်ဆေးရုံတွင် အောက်ဆီဂျင် ပြတ်တောက်နေ၊ စစ်တွေသို့ အရေးပေါ်ပို့လိုက်သည့် ကိုဗစ်လူနာ လမ်းတွင်သေဆုံး


Western News – ဇူလိုင် ၂၆ ရက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပြည်သူဆေးရုံတွင် အောက်ဆီဂျင် ပြတ်တောက်မှုဖြစ်နေပြီး အရေးပေါ် ပို့ဆောင်လိုက်သည့် ကိုဗစ်လူနာ စစ်တွေဆေးရုံးသို့ မရောက်မီ သေဆုံးသွားခဲ့သည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Western News ကိုပြောသည်။

လက်ရှိရသေ့တောင်ဆေးရုံတွင် အောက်ဆီဂျင်ရှုနေရသူ ကိုဗစ်လူနာ ၆ ဦးရှိပြီး ဇူလိုင် ၂၆ ရက်နေ နေ့လည်ပိုင်းက စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်သည့်လူနာ အမျိုးသားသည် လမ်းတွင်သေဆုံးသွားခဲ့သည်ဟု မြို့နယ်ဆေးရုံအုပ်ဒေါက်တာ တင်မြင့်ဦးက Western News ကိုပြောသည်။

“အောက်ဆီဂျင်ပြတ်တောက်နေတာ ဟုတ်ပါတယ်။ အောက်ဆီဂျင်ရှူနေရတဲ့လူနာက ၆ ယောက်ရှိပါတယ်။ ပြင်းထန်လူနာက ၃ ယောက်ရှိတယ်။ တစ်ယောက်ကတော့ စစ်တွေဆေးရုံကိုလွှဲပြောင်းလိုက်ပါတယ်။ စစ်တွေဆိမ်ကမ်းအရောက် လူနာတင်ယာဉ်ကို စောင့်နေတာမှာ ဆုံးသွားတာပါ“ ဟုပြောသည်။

သေဆုံးသွားသည့် လူနာမှာ ရသေ့တောင် မြို့နယ် စေတီပြင်ကျေးရွာမှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီးဆီးချိုရောဂါအခံရှိကြောင်းသိရသည်။

“ရောဂါအခံတော့ရှိပါတယ်။ ဆီးချိုးရှိပါတယ်။ ကိုဗစ်လူနာနှစ်ယောက်ကတော့ မသွားလိုဘူး။ အားလုံးက အောက်ဆီဂျင် ၆၀ အောက်ကို ကျနေကြတယ်။ ကျွန်တော်တို့မှာ အောက်ဆီဂျင် ဗူးခွံ ၁၈ လုံးရှိတာမှာ တစ်လုံးမှမှရှိတော့ဘူး။ လုံးဝ ပြတ်တောက်နေတာကတော့ မနေ့က နေပြတ်နေတာ။ ဒီနေ့တော့ တစ်လုံးမှ မရှိတော့ဘူး” ဟုသူကပြောသည်။

လက်ရှိတွင် ရသေ့တောင်ဆေးရုံ၌ အောက်ဆီဂျင်မရှိသည့်အတွက် Concentrator ၆လုံးဖြင့် လူနာများကို အရေးပေါ်အောက်ဆီဂျင် အပေးထားရပြီး အဆိုပါ Concentrator မှာလည်း ၂၄ နာရီလုံး အသုံးပြု၍ မရသည့်အတွက် လူနာများအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ၎င်းကဆက်ပြောသည်။

ရသေ့တောင်တပ်ရင်းတစ်ခုမှ ကုတင် ၁၀၀ ဆေးရုံက အောက်ဆီဂျင် ၉ လုံးအကူညီတောင်း၍ လက်ရှိတွင် ယင်းအောက်ဆီဂျင်များ ရောက်ရှိနေသော်လည်း နှစ်ရက်စာအတွက်သာအဆင်ပြေနိုင်မည်ဟု သူကဆက်ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့်ကိုဗစ်အတည်ပြုလူနာ၂၅ ဦးရှိပြီး ဆေးရုံဆင်းခွင့် ရသူ ၉ ဦးရှိကာ ကုသဆဲ ၁၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိသည်။

Western News -WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်