sittwe
test1

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း၌ ကျန်းမာရေးဝန်ထမ်းလုံလောက်မှုအားနည်း


Western news – ဇူလိုင်၊ ၂၇ ရက်

ရခိုင်ပြည်နယ်တွင် ယခုကိုဗစ်တတိယလှိုင်းဖြစ်ပွားမှု၌ ယမန်နှစ် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားစဉ်ကလောက် ကျန်းမာရေးဝန်ထမ်း အင်အားတောင့်တင်းမှုမရှိကြောင်း ပြည်နယ်ကောင်စီနှင့် ကျန်းမာဌာနများ၏ ပြောဆိုချက်အရသိရသည်။

ဒုတိယလှိုင်းကာလတွင် ကျန်းမာရေးအတွက်ကူညီပံ့ပိုးသူအများပြားရှိခဲ့ကြောင်း ယခုတတိယလှိုင်းတွင်မူ ကျန်းမာရေးဝန်ထမ်း အင်အားမှာနည်းပါးကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ကျန်းမာရေးဝန်းထမ်းများနှင့်ပတ်သက်၍ Western News မှမေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ရခိုင်လူနာတွေကို ရခိုင်ပညာတတ်ဆရာဝန်သူနာပြုတွေကပဲကုပေးတာပါပဲ။ အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦးအဆင်ပြေကြစေချင်ပါတယ်။ ကုန်ခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းတုန်းကဆိုရင် ဆရာဝန်လိုအပ်ချက်ထက်ပိုတယ်။ တစ်လတာ နှစ်လတာ လာပြီးပံ့ပိုးကြတာတွေ အများကြီးပဲ။ အခုဒီနှစ်မှာက မရှိဘူး။ ရှိတဲ့လူအင်အားလေးနဲ့ပဲလုပ်နေကြရတာ” ဟုပြောသည်။

စစ်တွေမြို့နယ်ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာကြည်လွင်ကလည်း ကိုဗစ်လူနာများမှာ များပြားလာပြီး သူနာပြုအင်အားနည်းနေကြာင်း လူမှုရေးအဖွဲ့အစည်းများမှာလည်း ကိုဗစ်ဒုတိယလှိုင်းကကဲ့သို့ ကူညီပေးမှုမများကြောင်း စစ်တွေဆေးရုံအခြေနေနှင့်ပတ်သက်၍ Western News မှမေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ခုက ကိုဗစ်လူနာတွေကများလာတယ် ဆေးရုံမှာရှိတဲ့ ကိုဗစ်ဆောင် ၄ ဆောင်လုံးမှာလူနာတွေပြည့်သွားပြီ။ အသစ်တစ်ဆောင် ထပ်ဖွင့်ရတော့မယ်။ လက်ရှိသူနာပြုအင်အားကလည်းအရမ်းနည်းတယ်။ NGO၊ INGO၊ လူမှုရေးအဖွဲ့အစည်းတွေက Nurse (သူနာပြု)တွေအကူညီတောင်းထားတာတွေတော့ရှိတယ်။ လူမှုရေးအဖွဲ့စည်းတွေကလည်း second wave (ကိုဗစ်ဒုတိယလှိုင်း) လောက်ကလိုကူညီတာတွေသိပ်မများဘူး။ စစ်တွေမှာဆိုရင် ရွှေရောင်မေတ္တာတစ်ခုတော့ရှိတယ်။ သူတို့ကတော့တော်တော်ကူညီတယ်” ဟုဆိုသည်။

ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာသည်နှင့်အမျှ ရခိုင်ရှိမြို့နယ်အသီးသီးတွင် ကျန်မားရေးဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် လူမှူရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများခေါ်ယူသင်တန်းပေးကာ ကိုဗစ်ပြဿနာများအားဖြေရှင်းရန်ကြိုးစားလျက်ရှိကြသည်။

Western news- WN


ဆက်စပ်စကားလုံများ : #Sittwe#ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်