Rape
test1

အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သည့် တရားခံ ၃ ဦးကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများ လျစ်လျုရှုနေသည်ဟု နစ်နာသူ၏ မိသားစုဝင်များပြော


Western News- ခင်သီတာ
ဒီဇင်ဘာ ၂၄ရက်

ပေါက်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားသည်မှာ ၁ လနီးပါးထိ ကြာမြင့်လာပြီဖြစ်ကာ တရားခံများအား ခေါ်ယူ စစ်ဆေးခြင်း မရှိသည့်အပြင် ပေါက်တောမြို့မ စခန်းမှူးအား ဖုန်းဆက်သော်လည်း ၎င်းစခန်းမှူးက နယ်မြေစခန်းကို ပြောထားသည်ဟု နစ်နာသူအမျိုးသမီးငယ်၏ ဦးလေးဖြစ်သူ ဦးမောင်နုကပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ၊ ပုဏ္ဏားကြီးအုပ်စု၊ ငှက်ချောင်းမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့က အသက်၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သည့် တရားခံ ၃ ဦးကို တာဝန်ရှိသူများအနေဖြင့် အရေးယူ ဆောင်ရွက်မှုနှင့် ပတ်သတ်၍ လျစ်လျူရှုမှုများ ရှိနေသည်ဟု နစ်နာသူ အမျိုးသမီးငယ်၏ မိသားစုဝင်များက Western News ပြောသည်။

ကျွန်တော်က ပေါက်တောစခန်းမှူးဆီကို နေ့တိုင်းလိုလိုဖုန်းဆက်ပါတယ်။ ဖုန်းက ကိုင်ပေမယ့် ကျွန်တော်တို့ စခန်းနားမှာ ရှိတဲ့ ဒီနယ်မြေစခန်းကိုပြောထားတယ်ဆိုပြီးပြောပါတယ်။ နယ်မြေစခန်းကို ဆက်သွယ်ပြန်တော့လည်း ပေါက်တောစခန်းမှူးက သူတို့ကို ဘာမှ မပြောတော့ဘူးဆိုပြီးပြောပါတယ်။ ပြီးတော့လျစ်လျူရှုထားတာလည်း ကျွန်တော်တို့မြင်ရတယ်။ တရားခံကလေ ဒီဒုက္ခသည်စခန်းမှာပဲ ရှိနေတာလေ။ အရေးယူဆောင်ရွက်မှုကိုခုထိ မလုပ်သေးဘူး

နစ်နာသူအမျိုးသမီးငယ်၏ ဦးလေးဖြစ်သူ ဦးမောင်နု

ထို့ပြင် ရဲအရာရှိများက ဒုတိယအကြိမ်မြောက် အခင်းဖြစ်ပွားရာနေရာများအား လာရောက်စစ်ဆေးခဲ့ပြီး ယခု ချိန်ထိတရားခံ ၃ ဦးအား အရေးယူဆောင်ရွက် ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့ တစ်ခါစစ်ဆေးပြီးတော့ ဒုတိယအကြိမ်လာဒုက္ခသည်စခန်းကိုစစ်ပါသေးတယ်။ နေ့ရက်တော့အတိအကျမ မှတ်မိတော့ပါဘူး။ သူတို့က ကျွန်တော့်တူမလေး အိမ်ဖော်လုပ်ခဲ့တဲ့အိမ်ရယ်၊ ရိုက်နှက်တဲ့နေရာရယ်၊ ပြီးတော့အဓမ္မပြုကျင့်တဲ့ နေရာရယ်၊ အဲ့နေရာကို လာစစ်ဆေးပါသေးတယ်

အုပ်စုလိုက်အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးမှာ ဒုက္ခသည်စခန်းတွင်ရှိနေပါလျက်နှင့် တစ်စုံတစ်ရာ အရေးယူလုပ်ဆောင်ခြင်းမရှိသည့်အတွက် ကျေနပ်မှုမရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှသာလျှင်ကျေနပ်နိုင်မည်ဟု နစ်နာသူ၏ ဒေါ်လေးဖြစ်သူ ဒေါ်လှလှရွှေကပြောသည်။

သူတို့ ၃ ယောက်က စခန်းထဲမှာပဲရှိနေတာ။ ကျွန်မတို့ နေ့တိုင်းမြင်တွေ့နေရတာ။ ကျွန်မတို့ ကတော့ထိထိရောက်ရောက် အရေးမယူပေးမချင်း ကျေနပ်မှုမရှိပါဘူး။ အရေးယူပေးမှသာကျေနပ်မှုရှိမယ်

ဒေါ်လှလှရွှေ

စစ်တွေဆေးရုံတွင်ဆေးကုသမှုခံယူနေသည့် အမျိုးသမီးငယ်မှာ ယခင်ကထက် အနည်းငယ်သက်သာလာပြီး Save the children, Unicef တို့မှကူညီ ထောက်ပံ့ပေးနေသည်ဟု ၎င်းကဆက်ပြောသည်။

အစတုန်းကထက် အနည်းငယ်သက်သာလာပါပြီ။ ကျွန်မလည်း နေမကောင်းလို့ စခန်းပြန်ရောက်နေတာ ၈ ရက်လောက်ရှိပြီ။ ကျွန်မ အဲ့မှာရှိနေတုန်းက လမ်းနည်နည်းတော့လျှောက်နေပြီ။ အစားကတော့ သိပ်မစားသေး ဘူး

ဒေါ်လှလှရွှေ

အစတုန်းကထက်အနည်းငယ်သက်သာလာပါပြီ။ ကျွန်မလည်း နေမကောင်းလို့ စခန်းပြန်ရောက်နေတာ ၈ ရက်လောက်ရှိပြီ။ ကျွန်မ အဲ့မှာရှိနေတုန်းက လမ်းနည်နည်းတော့လျှောက်နေပြီ။ အစားကတော့ သိပ်မစားသေး ဘူး

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံများအား အရေးယူဆောင်ရွက်မှုများ ရှိ၊ မရှိကို မေးမြန်းရန် ပေါက်တောစ ခန်းမှ ရဲအရာရှိတစ်ဦးအား ဆက်သွယ်သောအခါ စခန်းမှူးအား ဆက်သွယ်ပါဟုပြောဆိုသည်။ စခန်းမှူးသန်ဌေးအား Western News က ဒီဇင်ဘာ ၁၇၊ ၁၉၊ ၂၃၊ ၂၄ ရက်နေ့ထိဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေ ကြားခြင်းမရှိပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း စစ်ဘေးရှောင်စခန်းတွင် အသက် ၁၂နှစ် အရွယ် မွတ်ဆလင် အမျိုးသမီးငယ်တစ်ဦးအား ယင်းစခန်းမှ ဟိုင်တာအလီ၊ဇူဘိုင်နှင့် အဒူဂေါ်ဖူတို့ ၃ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးငယ်ကဆိုထားသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည့်အမျိုးသမီးငယ်မှာ ဇူဘိုင်အိမ်တွင် ထမင်းချက်ရေခပ်အဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ နိုဝင်ဘာ ၂၆ရက်နေ့က ဇူဘိုင်၏ ဦးလေးဖြစ်သူ ဟိုင်တာအလီတွင် ငွေကျပ် ၁၂သိန်းပျောက်သွားပြီး ၎င်းတို့ မှာ အိမ်နီးချင်းဖြစ်သည့်အတွက်အမျိုးသမီးငယ်မှာ အဝင်အထွက်ရှိသဖြင့် ငွေခိုးသည်ဟုဆိုကာ ၂၆ ရက်မှ ၂၈ ရက် နေ့ထိ ရိုက်နှက်ကာ စစ်ဆေးမေးမြန်းကြပြီး ၂၉ရက်နေ့တွင် အထက်ပါ ၃ ဦးကအဓမ္မပြုကျင့်ခဲ့သည်ဟုသူမ၏ ပြောစကားအရ ဦးလေးဖြစ်သူကပြောထားသည်။

အမျိုးသမီးငယ်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ပေါက်တောဆေးရုံမှ စစ်တွေဆေးရုံသို့ပြောင်းရွေ့ကာဆေးကုသမှု ခံယူလျက်ရှိသည်။ တရားခံ ၃ဦးကိုလည်း (ပ) ၆၃၊ ပြစ်မှုပုဒ်မ ၃၂၃၊ ၃၄၃၊ ၃၅၄၊ ၃၇၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသော်လည်း တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်မှု မရှိသေးအပေါ် မကျေမနပ်ဖြစ်နေကြသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်