test1

သံတွဲတွင် ရေပြန်ကျ၊ စားသောက်နေထိုင်ရေးများခက်ခဲနေသေး


Western News – ဇူလိုင်၊ ၂၈ ရက်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးသဲထန်စွာရွာသွန်းမှုအခြေနေကြောင့် ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့က တစ်မြို့နယ်လုံးရေလွှမ်းမိုးသွားခဲ့ရာ ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ရေပြန်ကျနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ရေပြန်ကျသွားသော်လည်း ရေနစ်မြုပ်ခဲ့သည့်အခြေနေအတွင်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း နွံနစ်များတင်ကျန်ခဲ့ခြင်းနှင့်လျှပ်စစ်မီးလည်းပြန်လည်မရရှိသေးသည့်အတွက် နေထိုင်စားသောက်ရေးပိုင်းများ အခက်ကြုံနေရသေးကြောင်း သံတွဲ အမှတ်(၅) ရပ်ကွက်မှ ကိုဖြိုးမောင် ကပြောသည်။

“ မြို့ထဲမှာရေကတော့ ကျသွားပြီး နွံနစ်တွေအများကြီးပဲတင်ကျန်ခဲ့တယ်။ ရေမြုပ်သွားတာဆိုတော့ ဆုံရှုံးမှုပိုင်းကတော့ အများကြီးပေါ့။ ကျနော်တို့စာရင်းတော့မကောက်ရသေးဘူး။ ဆေးရုံလည်းရေနစ်သွားတာဆိုတော့ ဆေးရုံထဲမှာလည်း ပျက်စီးသွားတာတွေရှိမှာပဲ။ ခုကမီးကလည်းမရသေးဘူးဆိုတော့ စားသောက်ရေးပိုင်းကလည်းအဆင်မပြေဘူး။ အလှူရှင်တွေတော့ လာလှူတာမျိုးတွေတော့ရှိပါတယ်” ဟုပြောသည်။

လက်ရှိအခြေနေတွင် အနိမ့်ပိုင်းဒေသများအနည်းငယ်ရေနစ်မြုပ်နေသေးပြီး အနီးနားမှ စေတနာရှင်များပူပေါင်းကာ စားရေးရိက္ခာများကူညီပေးနေရကြောင်း သံတွဲနယ် ဂျိတ္တောမှ ကူညီကယ်ဆယ်ရေး လာလုပ်သူ မမေသူက ပြောသည်။

“ အနိမ့်ပိုင်းနေရာတွေမှာရေတွေကျန်သေးတယ် အပျက်အစီးနဲ့ တခြားလုပ်ကိုင်ရမယ့်ဟာတွေကို နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေပူးပေါင်းပြီးလုပ်နေကြရပါတယ်။ ဆေးရုံကိုတော့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ရေးဆေးတာတွေစလုပ်နေပြီ။ ရိက္ခာပိုင်းကတော့ တတ်နိုင်သလောက်ပူးပေါင်းပြီး ကူညီပေးနေကြပါတယ်” ဟုဆိုသည်။

သံတွဲမြို့ဆေးရုံကြီးအခြေအနေအားသိရှိနိုင်ရန် ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်း အားဆက်သွယ်ခဲ့ရာ ဆက်သွယ်ရေးပြတ်တောက်မှုအခြေနေကြောင့် ဆက်သွယ်၍ မရခဲ့ချေ။

သံတွဲမြို့တွင် ဓာတ်အားပေးစက်ရုံလည်း ရေနစ်မြုပ်သွားသည့်အတွက် ဓာတ်အားပေးခြင်းကို ယမန်နေ့ မနက်ပိုင်းကပင်ဖြတ်တောက်ထားခဲ့ရပြီး တစ်မြို့နယ်လုံးနီးပါးလည်း ဆက်သွယ်ရေးပြတ်တောက်လျှက်ရှိကြသည်။

ယမန့်နေ့ ရေလွှမ်းမိုးမှုတွင် ရခိုင်ရှိမြို့နယ်အများအပြား ရေကြီးရေလျှံမှုများရှိခဲ့သော်လည်း သံတွဲမြို့ရေမြင့်တက်မှုသည် စိုးရိမ်ရေမှတ်အထိရောက်ရှိခဲ့ပြီး ရေမျက်နှာပြင်အမြင့်မှာ ၁၀ ပေ မှ ၁၅ ပေ အထိရှိခဲ့သည်။

သံတွဲမြို့၏ မိုးရေချိန်သည် ၂၀၀၇ ခုနှစ်ဇွန်လက စံချိန်ဟောင်း ၃၅၀ မီလီမီတာ ၁၃ ဒသမ ၇၈ လက်မ ကိုချိူးကာ ၃၈၈ မီလီမီ တာ ၁၅ ဒသမ ၂၈ လက်မ ထိရှိခဲ့ပြီး မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ ယမန်နေ့က ထုတ်ပြန်ထားသည်။

Western News=WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်