test1

မင်းပြားမီးလောင်မှု ဝါယာ ရှော့ကြောင့်ဖြစ်၊ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃၇ သိန်းကျော်ရှိ


Western News-ထွန်းလှ
ဒီဇင်ဘာ ၂၄ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက် BOC တွင် ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က ဖြစ်ပွားခဲ့သည့်မီးလောင်မှုအတွင်း ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၃၇ သိန်းကျော်ရှိကြောင်း မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနကသိရသည်။

မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ဦးမောင်ဖြူချေအမည်ရှိသူ၏ ကုန်စုံဆိုင်တွင် နှစ်ပင်လိမ်ဝါယာကြိုးရှော့ဖြစ်ကာ အနီးရှိခေါက်ဆွဲ ကဒ်ထူဖာများကို မီးစွဲလောင်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ်မီးသတ်ဌာန ယာယီတာဝန်ခံ ဦးလူမော်က Western News ကိုပြောသည်။

နှစ်ပင်လိမ်ဝါယာကြိုးရှော့ဖြစ်ပြီး၊ အနီးအနားမှာရှိတဲ့ ခေါက်ဆွဲဖာ ကတ်ထူဘူးတွေကိုမီးလောင်တယ်၊ အဲဒီကတဆင့် မီးလောက်မှု ဖြစ်တာပါ။ မီးထဲပါသွားတာက စားသောက်ကုန်တွေနဲ့ အိမ်ကတော့ ၂ အိမ်ပါ” ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃၇ သိန်းကျော်ရှိဟုပြောသည်။

မီးလောင်မှုကြောင့် မီးသတ်ကား ၈ စီး၊ အရံ ၁ စီး၊ စည်ပင်ကား ၁ စီးနှင့် မီးသတ်အရာရှိ ၅ ဦးအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၄၉ ဦးတို့က ညနေ ၆ နာရီ ၂၇ မိနစ်မှ ၈ နာရီ ၅၀ မိနစ်ထိ ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

လက်ရှိအချိန်တွင် မင်းပြားမီးသတ်ဌာနက မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် မီးအကြွင်းအကျန်မရှိစေရေးအတွက် မီးသတ်ပိုက်များ ဖြင့်ရေထိုးကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းနှင့် တစ်အိမ်တက်တစ်အိမ်ဆင်း မီးကြိုးသွယ်တန်းထားမှုများ၊ မီးအသုံးပြုပုံများနှင့် စားသုံးဆီဘူးများထားရှိမှုစနစ်တကျရှိမရှိကို စစ်ဆေးနေသည်ဟု ဦးလူမော်ကပြောသည်။

ပွင့်လင်းရာသီဖြစ်၍ ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် မီးဘေးအန္တရာယ်ဆိုင်ရာလမ်းညွန်ချက်များကို လိုက်နာရန်နှင့် အိမ်တိုင်းအိမ်တိုင်းတွင်မီးသတ်ဆေးဘူးများဆောင်ထားရန်ကို ဦးလူမော်က တိုက်တွန်းပြောဆိုသည်။မီးလောင်မှုဖြစ်ပွားမှုကြောင့် အိမ်ပိုင်ရှင်ကို ဥပဒေပုဒ်မ ၂၈၅ ပ/ ၇၀ ဖြင့်အရေးယူးထားကြောင်းသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်