Western News-ဇူလိုင် ၂၈ ရက်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီး သေဆုံး သွားခဲ့ကြောင်း မောင်တောဆေးရုံးတာဝန်ရှိသူများက Western News ကိုပြောသည်။
သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်အနီးအဝေးရှိ သီဟိုဠ်အေးကျေးရွာမှ ဖြစ်ပြီး ဇူလိုင် ၂၇ ရက်နေ့ဆေးရုံ ရောက်ရှိ လာပြီးနောက် ကလေးမွေးပြီးနောက်ပိုင်းတွင် သေဆုံးသွားရခြင်းဖြစ်ကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ နုကေသီစံ ကပြောသည်။
“ကိုဗစ်နဲ့ကလေးမိခင်က မနေ့ မွေးပြီးမှာပဲ ဆုံးပါတယ်။ ကလေးမွေးပြီးမှ ဆုံးတာပါ။ ကလေးက ကျန်းကျန်းမာမာ ပါရှိတယ်” ဟုပြောသည်။
အဆိုပါသေဆုံးသူသည် အသက် ၁၈ နှစ်အရွယ် မြိုအမျိူးသမီးတစ်ဦးဖြစ်ပြီး မောင်တောမြို့ ၃ မိုင်အနီးရှိ သီဟိုဠ်အေးကျေးရွာတွင် နေထိုင်သူဖြစ်ကာ ကလေးမမွေးဖွားနိုင်မှုကြောင့် မောင်တောဆေးရုံသို့ သွားရောက်ရာတွင် ဆေးကုသခံယူပြီးနောက် ယခုကဲ့သို့ သေဆုံးရခြင်းဖြစ်ကြောင်း သီဟိုဠ်ကျေးရွာ တာဝန်ခံဦးနီအောင်ကဆိုသည်။
“ ဟုတ်ပါတယ်။ ကလေး မမွေးနိုင်လို့ မနေ့က ဆေးရုံတက်ရောက်မွေးဖွားရာမှာ ကလေးမွေးပြီး သေဆုံးသွားတယ်လို့သိရပါတယ်” ဟု ကိုနီအောင်ကဆိုသည်။
လက်ရှိအချိန်အထိ မောင်တောမြို့တွင် ကိုဗစ်ရောဂါဖြင့်သေဆုံးသူ ၉ ဦးအထိရှိလာနေပြီး ကိုဗစ်တတိယလှိုင်း၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၄၂၄ ဦး ဆေးရုံဆင်းခွင့်ရသူ ၃၅၈ ဦး ဆေးကုသမှု ခံယူနေသူ ၆၆ ဦးကျန်ရှိနေသေးကြောင်း ခရိုင်ကျန်းမာရေးဌာန၏ ကိန်းဂဏန်းများအရသိရသည်။
Western News- WN