Mrauk-U, BROKEN BRIDGE
test1

ကျေးရွာ ၅ ရွာအားကိုးနေရသည့်တံတား နှစ်ခြမ်းပိုင်းသွား၊ ဒေသခံများအခက်အခဲဖြစ်နေ


Western News – ဇူလိုင်လ ၃၁ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကန့်သရီကျေးရွာအုပ်စုရှိ သစ်သားတံတားတစ်ခုမှာဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် ဒီရေကြောင့် နှစ်ခြမ်းပိုင်း သွားသဖြင့်အခက်အခဲဖြစ်နေရသည်ဟု ဒေသခံကျေးရွာ သားများကပြောဆိုကြသည်။

အဆိုပါတံတားမှာ ကန့်ရီကျေးရွာနှင့် ခဲမောင်းတက်ကျေးရွာသို့ဆက်သွယ်ထားပြီး ၎င်းတံတားကို ကျေးရွာ ၅ ရွာဖြစ်သည့် ဗလိပြင်၊ ဉာဏ်ချွန်၊ မုချာ၊ သရက်တော၊ ကန့်သရီတို့မှ အဓိကအသုံးပြုသွားလာ နေကြရခြင်းဖြစ်သည်။

လက်ရှိတွင် တံတားမှာ ပေ ၃၀ ခန့်ပိုင်းပြတ်နေသည့်အတွက် ဒေသခံများအနေဖြင့်သွားလာရေး၊ ကျန်းမာရေး၊ စားသောက်ရေးတို့ အပိုင်းမှာ အခက်အခဲနှင့်ကြုံတွေ့နေရသလို ကျောင်းဖွင့်နေချိန်ဆိုလျှင်လည်း ကျောင်းသူ၊ ကျောင်းသားများမှာ ၎င်းတံတားကို ဖြတ်သန်းကာသွားလာနေကြရခြင်းဖြစ်သည်ဟု သရက်တောကျေးရွာမှ ကိုတက်တိုးကပြောသည်။

“တံတာက ဒီရေကြောင့်နှစ်ခြမ်းပိုင်းသွားတာ။ တံတားပျက်စီးနေလို့ ကျေးရွာသားတွက လမ်းပန်းဆက်သွယ် ရေးပြတ်တောက် နေတယ်။ ရွာသားတွေက တစ်ခုခုကိုသွားဖို့ဆိုရင် အဲဒီတံတားကိုပဲအဓိကဖြတ်လို့သွားလာနေ ရတာ။ ကျန်းမာရေး၊ စားသောက်ရေးတို့ အခက်အခဲနဲ့ကြုံတွေ့နေကြရတယ်။ ကျောင်းဖွင့်ချိန်ဆိုရင်လည်း ကျောင်းသူ၊သားတွေက ဒီတံတားကပဲဖြတ်သန်းလို့ ကျောင်းတက်နေ ကြရတာ”ဟု ပြောသည်။

ယင်းအပြင် ကန့်သရီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးလှမောင်သန်းက ပျက်စီးနေသည့်တံတားမှာ ဓညဂုဏ်ရောင်ကုမ္ပဏီမှ ယာယီတံတားအဖြစ်ဆောက်လုပ်ပေးထားခြင်းဖြစ်သဖြင့်၎င်းကုမ္ပဏီမှတာဝန်ရှိသူနှင့် တွေ့ဆုံကာပြန်လည်ပြုပြင်မည့် အပိုင်းကို ‌ဆွေးနွေးသွားမည်ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဓညဂုဏ်ရောင်ကုမ္ပဏီပိုင်ရှင် ဦးအေးလှိုင်က လက်ရှိတွင်ရေကြီးနေသဖြင့် တံတားကိုပြန်လည်ပြုပြင်ရန် မဖြစ်နိုင်သေးကြောင်း ပြန်လည်ပြုပြင်လျှင်လည်း ကျေးရွာသားများက ဝိုင်းဝန်ကာကူညီလုပ် ဆောင်ပေးစေလိုကြောင်းပြောသည်။

“ကျွန်တော်တို့က အဲဒီတံတားကိုယာယီဆောက်လုပ်ပေးထားတာ။ ပြန်လည်ပြုပြင်မယ်ဆိုရင်လည်း ရွာသားတွေကဝိုင်းဝန် ကူညီပေးစေချင်တယ်။ အခုကရေကြီးနေလို့ ပြန်ပြင်လို့မရသေးဘူး” ဟု ပြောသည်။

ဓညဂုဏ်ရောင်ကုမ္ပဏီမှာ ကန့်သရီနှင့်ခဲမောင်းတက်ချောင်းကို ၂နှစ်စီမံကိန်းဖြင့် ၂၀၂ပြည့်နှစ်မှစတင်ကာ ကွန်ကရစ်တံတား ဆောက်လုပ်နေသည့် ကုမ္ပဏီ ဖြစ်သည်။ လက်ရှိတွင် ကွန်ကရစ်တံတားမှာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဦးအေးလှိုင်က ပြောသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်