Mrauk-U OXYGEN PLANT
test1

မြောက်ဦးဆေးရုံမှ လူနာများအား အောက်ဆီဂျင်အခမဲ့ ပေးဝေမည်


Western News – ဩဂုတ်၊ ၂ ရက်

မြောက်ဦးမြို့ရှိ နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံတွင် မြောက်ဦးဆေးရုံကြီးအတွင်းရှိ အောက်ဆီဂျင်လိုအပ်ချက်ရှိသူများကို အောက်ဆီဂျင်ဘူးများအား တစ်လတိတိ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူ များ၏ ပြောကြားချက်အရသိရသည်။

အောက်ဆီဂျင်များကို ယနေ့ ဩဂုတ်လ ၂ ရက်နေ့မှစ၍ စက်တင်ဘာလ ၂ ရက်နေ့အထိ လိုအပ်ချက်ရှိသူများအား အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် လူနာများကုန်ကျစရိတ်သက်သာစေရန်ရည်ရွယ်ကြောင်း နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ကိုမောင်တင်ညွှန့်က ပြောသည်။

“မြောက်ဦးဆေးရုံကြီးအတွင်းမှာ ဆေးကုသမှုခံယူနေတဲ့ Covid လူနာတွေနဲ့ တစ်ခြားအောက်ဆီဂျင်လိုအပ်ချက် ရှိတဲ့သူတွေကို ဒီနေ့ကနေစပြီး အခမဲ့ပေးသွားဖို့စီစဉ်ထားပါတယ်။ ကျနော်တို့မနေ့က အစည်းအဝေးလုပ်ပြီး ဆုံးဖြတ် လိုက်ကြတာပါ။ အခုကအကျပ်အတည်းကာလဆိုတော့ လူနာတွေ ကုန်ကျစရိတ်တစ်ခုလောက် သက်သာစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ပါ” ဟုပြောသည်။

အောက်ဆီဂျင်အခမဲ့ပေးဝေခြင်းကို တစ်လတိတိသတ်မှတ်ထားသော်လည်း အလှူငွေများနှင့် အဆင်ပြေပြေ လည်ပတ်နိုင်လျှင် ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့အခုသတ်မှတ်ထားတာက တစ်လ ပေါ့နော်။ စက်ရုံမှာကအလုပ်ပိုလုပ်ရတော့ ဝန်ထမ်းတွေခန့်ထား ရတာတွေရှိတယ်။ မီတာခတွေနဲ့ တစ်ခြားကုန်ကျ စရိတ်ကလည်းမနည်းဘူး။ ၂၄ နာရီလုံးလည်ပတ်နေရတာ ဆိုတော့လေ။ အလှူငွေတွေနဲ့ဆက်ရပ်နိုင်ရင်တော့ အခမဲ့အစီစဉ်ကို ထပ်တိုးလုပ်သွားဖို့ရှိပါတယ်” ဟုဆိုသည်။

မြောက်ဦးအောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များစထုတ်လုပ်ချိန်တွင် ရခိုင်ပြည်ရှိတစ်ခြားမြို့နယ်များသို့ပါ ဖြန့်ဝေကူညီပေးခဲ့ပြီး မြောက်ဦးမြို့နယ်အတွင်းအောက်ဆီသုံးစွဲသူများလာမှုအခြေနေကြောင်း ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ တစ်ခြားမြို့နယ်များသို့ အောက်ဆီဂျင်ပေးဝေမှုကို ရပ်တန့်ထားကြောင်းကြေညာချက်ထုတ် ပြန်ခဲ့သည်။

နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းသည် အောက်ဆီဂျင်စက် မရောက်ရှီ အောက်ဆီဂျင် ၁၀ လီတာ တစ်လုံးကို ငါးထောင်ကျပ်နှင့် အောက်ဆီဂျင်စက်ရောက်ရှိသောအခါ ကုန်ကျစရိတ်များကိုထောက်၍ ၄၀ လီတာ ၁ လုံးကို တစ်သောင်းကျပ်ကောက်ခံခဲ့ကြရကြောင်းသိရသည်။

မြောက်ဦးရှိ ယခုတည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့်စေတနာရှင်များစုပေါင်း လှူဒါန်း၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာဗူး အလုံး ၄၀ ထုတ်လုပ်နိုင်သော စက်ရုံတစ်ခုဖြစ်သည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်