မြောက်ဦးနန်းရိပ်အောက်ဆီဂျင်စက်ရုံ
test1

လျှပ်စစ်မီးပြတ်တောက်နေ၍ မြောက်ဦးရှိ အောက်ဆီဂျင်စက်ရုံ ရပ်နားထားရ


Western News – သြဂုတ်လ ၄ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်ယမန်နေ့ သြဂုတ်လ ၃ ရက် ညနေ ၅ နာရီကျော် အချိန်ခန့်မှစတင်ပြီး လျှပ်စစ်မီး ပြတ်တောက်သွားသဖြင့် နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ စက်ရုံတွင် အောက်ဆီဂျင် မထုတ်လုပ်နိုင်တော့ဘဲ ရပ်နားထားရသည်ဟု စက်ရုံတာဝန်ရှိသူ ကပြောသည်။

လျှပ်စစ်မီးမှာ မြောက်ဦးတစ်မြို့လုံးပြတ်တောက်သွားခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီကျော် အချိန်ထိ မီးပြန်လည်မရရှိသေးကြောင်း မြို့ခံများကပြောသည်။

မြောက်ဦးရှိ အောက်ဆီဂျင်စက်ရုံ

လျှပ်စစ်မီးပြတ်တောက်နေသော်လည်း အောက်ဆီဂျင်ထုတ်လုပ်နိုင်ရန်အတွက် မီးစက်ဖြင့် ထုတ်လုပ်ခဲ့ရာ အဆင်မပြေသဖြင့် ရပ်နားထားရသည်ဟု မြောက်ဦးနန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ အတွင်းရေးမှူးဦးမောင်တင်ညွန့်က ပြောသည်။

“လျှပ်စစ်မီးက မနေ့ကညနေ ၅ နာရီကျော်လောက်မှာပြတ်သွားတာ။ အခုချိန်ထိ မီးပြန်မရောက်သေးဘူး။ တစ်မြို့လုံးပြတ်နေတာ။ မီးပြတ်သွားလို့ ကျွန်တော်တို့ကအရေးပေါ်မီးစက်တစ်လုံးကို ခရိုင်အုပ်ချုပ်ရေးမှူးက ငှားထားတာရှိတယ်။ အဲဒီစက်ကလည်း စက်ရုံကိုမီးအားလိုက်မမီနိုင်ဘူး။ အခုချိန်ထိ အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားရတယ်” ဟု ပြောသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် စေတနာရှင်များစုပေါင်းလှူဒါန်း၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အလုံး ၄၀ ထုတ်လုပ်နိုင်သော စက်ရုံတစ်ခုဖြစ်သည်။

ယင်းအပြင် ယခုလိုမီးပြတ်တောက်သွားသည့်အတွက် ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းမှ သွေးသိုလှောင် ထားသည့် သွေးဘဏ်မှသွေးများမှာ မီးမရရှိသဖြင့် ရေခဲနှင့်သာအသုံးပြုနေရသည်ဟု ယင်းအသင်း၌ စေတနာ့ဝန် ထမ်းအဖြစ်လုပ်ကိုင်နေသည့် ကိုရွှေသန်းကျော်ကပြောသည်။

ယခုလိုမီးပြတ်တောက်နေသည်နှင့် ပတ်သက်၍ ‌မြောက်ဦးမြို့ရှိ လျှပ်စစ်ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍မရရှိခဲ့ပါ။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်