sittwe MARKET
test1

ရခိုင်တွင် ၆ လ ကြာသည့်တိုင်‌ စားသောက်ကုန်‌‌‌‌စျေးနှုန်းများမြင့်တက်နေဆဲ၊ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ဆက်လက်မြင့်တက်လာနိုင်


Western News – သြဂုတ် ၄ ရက်

ရခိုင်တွင်မီးဖိုချောင်သုံး ကုန်ပစ္စည်းများအပါအဝင် စားသောက်ကုန် စျေးနှုန်းများမှာ ဖေဖော်ဝါရီလလယ်ခန့် မှစ၍ လက်ရှိသြဂုတ်လအထိ ၆ လခန့် ကြာသည့်တိုင် စျေးအဆမတန်မြင့်တက်လျှက်ရှိသည်။

ယခုကဲ့သို့‌စျေးနှုန်းမြင့်တက်နေသည်မှာ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ‌စျေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး စားသောက်ကုန်အပြင် ပြည်ပနှင့် ပြည်မဖက်မှ တင်ပို့နေသာ ကုန်ပစ္စည်းများမှာ စျေးနှုန်းဆက်လက်မြင့်တက်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်ပနိုင်ငံခြားမှ တင်သွင်းကုန်၊ ပြည်မဖက်မှ တင်သွင်းသောကုန်၊ ပြည်တွင်းထွက်ကုန်ဟူ၍ ကုန်ပစ္စည်းတင်သွင်းမှု ၃ မျိုးရှိပြီး ယင်းထဲမှ ပြည်ပနိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာ ခိုင်နှုန်းထိမြင့်တက်နေလျှက်ရှိသည်။

ယင်းပြင် ပြည်မ တင်သွင်းကုန်များမှာလည်း ၁၀၀ ရာခိုင်နှုန်းထိမြင့်တက် လာသည့်အပြင် ပြည်တွင်း ထုတ်ကုန် မှာလည်း ၃၀ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိမြင့်တက်နေသည်ဟု ရခိုင်စီးပွား ရေးအများပိုင်ကုမ္ပဏီလီမီတက် မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကြီးကပြောသည်။

“ရခိုင်မှာ တင်သွင်း နေတာ ၃ ခုရှိတယ်။ နိုင်ငံခြားက တင်ပို့တာ၊ ပြည်မဖက်က တင်ပို့တာပြီးတော့ ပြည်တွင်း ထွက် ကုန်ပေါ့။ နိုင်ငံခြားက တင်ပို့ကုန်တွေဟာ နယ်စပ်အခက်အခဲတွေကြောင့် ကုန်တွေဟာ ၅၀ ရာခိုင်နှုန်းက နေ ၇၀ ရာခိုင်နှုန်းထိမြင့်တက်နေတယ်။ ပြည်ပဖက်က ကုန်တွေဆိုရင် ၁၀၀ ရာခိုင်နှုန်းထိတက်သွားတာတွေ ရှိတယ်။ ပြီး တော့ ပြည်တွင်းထွက်ကုန်ပေါ့ ဆန်စပါးကအဓိက ၃၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိမြင့်တက် နေတယ်။ တစ် ချို့ လုပ်ငန်းရှင်တွေက ‌စျေးတွေကိုထိန်းပြီးရောင်းတာတွေရှိတယ်။ တစ်ချို့က ‌စျေးနှုန်းတွေကိုအဆမတန် စျေး တင်ရောင်းတာတွေရှိတယ်။ အဲ့ဒါကြောင့် စျေးနှုန်းတွေကမြင့်သထက် ပိုပြီး မြင့်တက်နေတာ တွေရှိတယ်” ဟုပြောသည်။

ယခုကဲ့သို့ နိုင်ငံရေး မတည်ငြိမ်မှုများ၊ ကိုဗစ်ကာလနှင့် ကုန်တင်ယာဉ်များအဝင်အထွက် ကန့်သတ်ထားသည့်အတွက် ကုန်စျေးနှုန်းများမှာ လက်ရှိထက် ထပ်မံ၍ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိဆက်လက် မြင့်တက်လာနိုင်‌ခြေရှိသည်ဟု ဦးခင်မောင် ကြီး က ဆက်လက်ပြောဆိုသည်။

စားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ ၁ ပိဿာ ယခင် ၆၀၀ ကျပ်မှ လက်ရှိ ၁၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ငယ်) ၁ ပိဿာ ယခင် ၂၂၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြီး) ၁ ပိဿာ ၂၃၀၀၀ ကျပ်မှ ယခု ၄၅၀၀ကျပ်၊ စားသုံး ဆီ GoodChoice (1 liter) ယခင် ၁၆၀၀ ကျပ်မှ ယခု ၂၇၀၀ ကျပ်၊ GoodChoice (5 liter) ယခင် ၉၅၀၀ ကျပ်မှ ယခု ၁၄၀၀ ကျပ်ထိ စျေးနှုန်များမြင့်တက်နေသည်ဟု စားသောက်ကုန်လုပ်ငန်းရှင်များကပြောသည်။

စစ်တွေမြို့ မြို့မစျေးမှာ ကုန်စုံလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်ခိုင်မရီက “ အစတုန်းကတော့လေ ကျွန်မတို့က ပြည်ပဖက်ကကုန်ပစ္စည်းတွေကို ကုန်ကားနဲ့ ကုန်စုံလုပ်နေတဲ့သူတွေနဲ့ပေါင်းပြီးမှာကြတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေမကောင်းကတည်းက ကုန်ပစ္စည်းတွေက မှာရတာအဆင်မပြေတော့ဘူး။ ဘဏ်အဆင်မပြေတော့ ငွေ လွှဲရတာအဆင်မပြေဘူးလေ။ ခုနောက်ပိုင်းတော့ ကျွန်မတို့က ကုမ္ပဏီတွေကပဲယူပါတယ်။ ‌စျေးတွေကလေ တစ်နေ့နဲ့ တစ်နေ့မတူဘူး။ ‌ကုန်စျေးနှုန်းတွေက မငြိမ်ဘူးပေါ့၊ ဒီနေ့ ပစ္စည်းတစ်ခုကို ၃၀၀၀ ဆိုရင် နောက် နေ့ ၃၂၀၀ ဖြစ်သွားပြီ။ ဝယ်သူတွေကိုလည်း ပြောရတာအားနာရတယ် တစ်နေ့တစ်မျိုးဖြစ်နေလို့” ဟုပြောသည်။

ကုန်စျေးနှုန်းများမှာ အဆင်မတန်‌‌စျေးနှုန်းမြင့်တက်နေသည့်အတွက် ဝင်ငွေနှင့်ကုန်ကျ‌ငွေ မမျှသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကြည့်မနေဘဲ တာဝန်ယူဖြေရှင်းပေးစေလိုသည်ဟု စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ အိမ်ရှင်မ တစ်ဦးဖြစ်သည့် ဒေါ်လှလှသန်းက ပြောသည်။

“ကျွန်မယောက်ျား ဘေးတွဲမောင်းပါတယ်။ တစ်ရက် ၅၀၀၀ ရတဲ့အခါရတယ်။ ၃၀၀၀ ရတဲ့အခါတွေလည်းရှိ တယ်။ ဝင်ငွေကအတည်တစ်ကျတော့ မရှိပါဘူး။ လက်ရှိမှာ အားလုံးသိကြတဲ့အတိုင်းပဲ ဆီ‌‌‌စျေးတွေက တက်နေတယ်။ ခရီးသည်ဖိုးကတော့ စျေးတင်လို့မရပါဘူး။ ဒီလို ကြပ်တည်းတဲ့ကာလမှာ တစ်နေ့တစ်နေ့ ကျွန်မတို့ စားသောက်ဖို့ ရုန်းကုန်းရတာ အရမ်းပင်ပန်းတယ်။ ကုန်စျေးနှုန်းက မိုးအထိကိုမြင့်တက်နေတယ်” ဟုပြောသည်။

ရခိုင်ပြည်တွင် ပြည်တွင်းထွက်ကုန်ဖြစ်သည့် ဆန်စပါးစျေးနှုန်းမှာလည်း ပေါ်ဆန်းမွှေး ၄ တောင်း ဆန့် တစ်အိတ် ကို ယခင် ၃၆၀၀၀ ကျပ်မှ ယခု ၄၈၀၀၀၀ ကျပ်မှ ၅၀၀၀၀ကျပ်ထိမြင့်တက်နေသလို စာပသိ(ရခိုင်အခေါ်) ၄ တောင်း ဆန့် တစ်အိတ် ကို ၃၂၀၀၀ ကျပ်မှ ၄၂၀၀၀ ကျပ်ထိ၊ သီရီဒုံခေါ် (ဆန်ချေ) ၄ တောင်းဆန် တစ်အိတ်ကို ၂၈၀၀၀ ကျပ် မှ ၃၃၀၀၀ ကျပ်ထိ ဆန် ကောင်း၊ မကောင်းပေါ်အခြေခံ၍ ဆန်ကုန်သည်များက စျေးအမျိုးမျိုးဖြင့် ရောင်းချကြသည်။

Western News- WN
ဓာတ်ပုံ- ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့မဈေးအားတွေ့ရစဉ်


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်