Arakan refugee
test1

ရခိုင်တွင် စစ်ဘေးရှောင် တစ်သိန်းကျော် နေရပ်ပြန်ရန်ခက်ခဲနေဆဲ


Western News – ဩဂုတ်၊ ၄ ရက်

ရခိုင်ပြည်နယ်တစ်ဝန်းတွင် တိုက်ပွဲဖြစ်ပွားမှုများငြိမ်သက်လျှက်ရှိနေသော်လည်း လက်ရှိချိန်ထိနေရပ်မပြန်နိုင်ဘဲ ကျန်နေသည့်စစ်ရှောင်များမှာ နေရပ်ပြန်နိုင်ရန်အတွက် အခက်ခဲများရှိနေသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

နေရပ်ပြန်ရန်တွန့်ဆုတ်နေရသည့် အကြောင်းရင်းများမှာ ရွာအနီးတွင် စစ်တပ်မှနေရာယူထားမှုများမှာ ယခုထိရှိနေသေးခြင်းက တစ်ကြောင်း စစ်ပွဲများပြန်လည် မဖြစ်လာနိုင်ကြောင်း အာမခံချက်တစ်စုံတစ်ရာမရှိသည့် အတွက် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ရသေ့တောင်မြို့နယ် စေတီပြင် စစ်ရှောင်စခန်းတွင်နေထိုင်သူ ရေစိုးချောင်းကျေးရွာမှ ဦးခင်မောင်ဝင်း ကပြောသည်။

“ရွာကိုတော့ ပြန်ချင်တာပေါ့ဗျ။ ဒီလောက်ဒုက္ခတွေခံပြီး စစ်ရှောင်စခန်းတွေမှာလည်း ဘယ်သူနေချင်မလဲ။ ဒါပေမယ့် ပြန်မှမပြန်ရဲသေးတာ။ ရွာနဲ့က တစ်ဖာလုံလောက်ပဲဝေးတဲ့နေရာမှာ စစ်ဗျူဟာချထားတယ်။ ကျနော်တို့ဘယ်လိုပြန်ရဲမှာလဲ။ စစ်ပြန်မဖြစ်ဘူးလို့လည်း ဘာအာမခံချက်တစ်ခုမှရှိတာမဟုတ်ဘူးလေ” ဟုပြောသည်။

မြောက်ဦးမြို့ရှိ လက်ကောက်ဈေးစစ်ရှောင်စခန်းတွင်နေထိုင်သည့် အုတ်ဖိုကန်ကျေးရွာမှ ဒေါ်ဝင်းမေ ကလည်း ရပ်ရွာများသို့ စစ်တပ်များအဝင်အထွက်ရှိနေခြင်း မှိုင်းအန္တရာယ်များကြောင့် လက်လုပ်လက်စားများအဖို့ ရှာဖွေစားသောက်ရန်မလွယ်ကူခြင်း တို့ကြောင့် နေရပ်ပြန်နိုင်ရန်ခက်ခဲနေသေးသည်ဟုပြောသည်။

“ရွာကိုတော့ပြန်ချင်ပါတယ်။ ရွာကလယ်ယာလုပ်စားရှိတဲ့သူတစ်ချို့ကတော့ ရွာပြန်ပြီးလုပ်ကိုင်စားသောက် နေကြတာတွေတော့ရှိနေပါပြီ။ သူတို့ကပြောတယ် ရွာကိုစစ်တပ်ကအဝင်ထွက်ရှိနေတုန်းပဲတဲ့။ ပြီးတော့ အနီးနားမှာလည်း သူတို့ကတပ်စွဲထားတုန်းပဲလေ။ ကျမတို့က လယ်ယာတွေရှိတာမဟုတ်တော့ ဟင်းရှာငါးရှာ လုပ်စားရတာ အနီးနားတွေမသွားရဲဘူး မတော်လို့မှိုင်းနင်းမိရင်လည်းဒုက္ခ။ ခုလည်းရွာကသူတွေက အနီးနားမှာ မိုင်းတွေတွေ့တယ်လို့ပြောတယ်” ဟုပြောသည်။

လက်ရှိနေရပ်မပြန်ဘဲ ကျန်ရှိနေသည့် စစ်ဘေးရှောင်အရေအတွက်မှာ စခန်းတွင်းနေထိုင်သူ ၆၈၀၀၀ ခန့်နှင့် စခန်းပြင်ပတွင် ၄၀၀၀၀ ခန့်ထိရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ကပြောသည်။

“နေရပ်မပြန်နိုင်သူတွေကတော့ အရင်နဲ့အရေအတွက်ကသိပ်မကွာသွားပါဘူး။ စခန်းတွင်းမှာဆိုရင် ၆၈၀၀၀၊ စခန်းပြင်ပကနေတဲ့သူတွေဆိုရင် ၄၀၀၀၀ လောက်ရှိနေသေးတယ်။ စခန်းအပြင်မှာနေတဲ့သူတွေကကျတော့ နီးစပ် ရာဆွေမျိုးတွေဆီမှာ ဒါမှမဟုတ် အိမ်ငှားပြီးတော့ နေကြတာပေါ့။ နေရပ်ပြန်နိုင်ဖို့ကလည်း ရွာတွေကပျက်နေတာ တပ်စခန်းတွေရှိနေသေးတာ စားသောက်နေထိုင်ရေးတွေအရင်လိုအဆင်မပြေမှာစိုးတာတွေနဲ့ သူတို့မှာအခက်ခဲ တွေရှိနေသေးတာပေါ့” ဟုဆိုသည်။

ရခိုင်ပြည်နယ်ကောင်စီအနေဖြင့် လွန်ခဲ့သော ၂ လကျော်ခန့်က နေရပ်ပြန်မည့်စစ်ရှောင်များကို စာရင်းကောက်၍ နေရပ်ပြန်မည့်သူများကို ငွေကြေးနှင့် ဆန်များထောက်ပံ့ပေးခဲ့ခြင်းရှိသော်လည်း အနည်းငယ်လောက်သာ နေရပ်ပြန်ခဲ့ကြသည်။

လက်ရှိတွင် စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စအား မိုးရာသီဖြစ်နေ၍တစ်ကြောင်း ကိုဗစ်ရောဂါအခြေနေများကြောင့် တစ်ကြောင်း ရပ်တန့်ထားသေးကြောင်း ဝန်ကြီး ဦးသန်းထွန်း ကပြောသည်။

“အယင်တစ်ခေါက် စစ်ရှောင်တွေနေရပ်ပြန်ဖို့စီစဉ်တုန်းက လက္ကာတို့၊ ဖားပြိုတို့၊ အမ်းကတော့ မိသားစု ၁၆၀ လောက်ပြန်သွားကြတယ်။ အတိအကျတော့ မေ့သွားပြီ။ ခုလောလောဆယ်တော့ မိုးတွင်းကာလလည်းဖြစ် ကိုဗစ်ရောဂါတွေလည်း ဖြစ်နေတော့ အဲကိစ္စရပ်ထားသေးတယ်။ မိုးတွင်းဆိုတော့ ပြောင်းရရွေ့ရသိပ်မလွယ်ဘူးလေ” ဟု Western News သို့ဆိုသည်။

နေရပ်မပြန်ဘဲကျန်နေသည့် စစ်ရှောင်များကမူ နေရပ်ပြန်နိုင်ရန်အတွက် မြေမြုပ်မှိုင်းများရှင်းလင်းရေးလုပ်ပေးရန် ရွာနားရှိနေသည့်တပ်စခန်းများအားရွေ့ပေးခြင်းတို့ ပြုလုပ်ပေးရန် တောင်းဆိုမှုများရှိနေကြသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ဝင်ရောက်နေမှုအခြေအနေကြောင့် လူတိုင်းနီးပါး အကျပ်အတည်းနှင့် ကြုံတွေ့နေကြရပြီး ကိုဗစ်ကာလအကျပ်အတည်းများကြား စစ်ဘေးရှောင်စခန်းတစ်ချို့တွင်လည်း ၁ လကျော် ၂ လနီးပါးအထိ ရိက္ခာထောက်ပံ့မှုများမရရှိသည့် အခြေနေတွင်ရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကစတင်ကာ ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ ၂ နှစ်ကျော် ကြာတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ရှောင်အရေအတွက် ၂၄၀၀၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများငြိမ် သက်မှုရှိနေပြီး နေရပ်သို့ပြန်သွားသူများလည်းရှိလာသကဲ့သို့ လက်ရှိမြေပြင်အခြေအနေများကြောင့် မပြန်နိုင်သူများလည်း အများအပြားကျန်ရှိနေသေးခြင်းဖြစ်သည်။

Western News-WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်