Arakan farmer
test1

ရခိုင်တွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးမြေဧက တစ်သောင်းကျော် ပျက်စီး


Western News – သြဂုတ် ၅ ရက်

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့က ‌ဖြစ်ပွားခဲ့သည့် ရေကြီးကြီးလျှံမှုကြောင့် စိုက်ပျိုး‌မြေ လယ်ဧကပေါင်း ၁၃၀၀၀ နီးခန့်ပျက်စီးခဲ့ရသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော၊ သံတွဲ၊ တောင်ကုတ် စသည့် ၁၀ မြို့နယ်တွင် လယ်ဧက ၁၂၈၀၀ ခန့်ပျက်စီးခဲ့ပြီး ယင်းထဲတွင် မြောက်ဦး၊ တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ် ၄ မြို့တွင် လယ် ဧက အများဆုံးပျက်စီးခဲ့သည်။

‌မြောက်ဦးမြို့တွင် လယ်ဧက ၃၀၀၀ ခန့်အများဆုံးပျက်စီးပြီး ကျောက်တော်မြို့တွင် ဧက၂၅၀၀ခန့်၊ ရသေ့တောင် မြို့တွင် ဧက ၁၆၀၀ ခန့်၊ ပုဏ္ဏားကျွန်း ဧက ၁၅၀၀ ခန့် ၊တောင်ကုတ်မြို့တွင် ဧက ၁၃၀၀ ခန့်၊ မောင်တောမြောက်ပိုင်းဒေသတွင် ဧက ၃၂၀ ခန့်၊ ဘူးသီးတောင်မြောက်ပိုင်းတွင် ဧက ၃၀၀ ခန့်၊ မင်းပြားတွင် ဧက ၅၀၀ခန့်၊ ပေါက် ‌‌တောမြို့တွင်ဧက ၄၀၀ခန့်၊ သံတွဲတွင် ဧက ၅၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရခိုင်ပြည်နယ်တောင်သူလယ်သမား သမဂ္ဂမှ ဥက္ကဌ ဦးဦးကျော်ဇံကပြောသည်။

“ရေကြီးရေလွှမ်းမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အဓိက ပျက်စီးကြတာပေါ့‌နော်။ ပျက်စီးတာတွေထဲမှာ ဆိုရင် ‌မြောက် ဦးမြို့ကတော့ ပျက်စီးမှုအများဆုံးပေါ့။ လယ်ဧကတွေ ပျက်စီးသွားပေမယ့် တစ်ချို့က အချိန်ရှိသေးတာကြောင့် ပြန်လည်မွန်းမံစိုက်ပျိုးကြတာတွေရှိတယ်။ တစ်ချို့ကကျတော့ ကာရီတွေ ကျိုးပျက်သွားတဲ့အခါမှာ ပျက်စီး သွား တဲ့ လယ်ဧကတွေက အခြေအနေတွေဆိုးဝါးကြတယ်”

ဦးဦးကျော်ဇံ ( ရခိုင်ပြည်နယ်တောင်သူလယ်သမား အဖွဲ့သမဂ္ဂ )

ကျေးရွာတွင် ရေအမြင့်ပေ ၃ပေ မှ ၇ ပေခန့်အထိ မြင့်တက်ခဲ့မှုကြောင့် လယ်ယာများပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ယင်းထဲမှ ပြန်လည်မွမ်းမံနေမှုများရှိသလို တစ်ချို့မှာ လုံးဝပျက်စီးမှုများပါရှိခဲ့သည်ဟု မောင်‌တောမြို့‌မြောက်ပိုင်း သစ် တုံးခွဆုံ အုပ်ချုပ်ရေးမှူးဦးအထွန်းချေက ပြောသည်။

“ရေက ၇ ပေလောက်ထိမြင့်တက်တာဆိုတော့ နေအိမ်တွေတောင် ပျက်စီးတယ်။ လယ်ယာတွေလည်း ပျက်စီးတာပေါ့။ ပျိုးပင်တွေပါ ပျက်စီးသွားတယ်။ တစ်ချို့က ပြန်လုပ်နေတာတွေရှိတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ပျက်စီးသွားလို့ ပြန်မလုပ်တော့တာလည်းရှိပါတယ်”

ဦးဦးကျော်ဇံ ( ရခိုင်ပြည်နယ်တောင်သူလယ်သမား အဖွဲ့သမဂ္ဂ )

ယင်းပြင် ‌မြောက်ဦးမြို့နယ် ကန့်သရီအုပ်စု မုချာကျေးရွာတွင်လည်း ရေကြီးရေလျှံမှုကြောင့် ချောင်းကမ်းစပ်နားရှိ လယ်ဧကများပျက်စီးခဲ့ပြီး ချောင်းကမ်းပါးနှင့် ဝေးသည့်နေရာများတွင်ပျက်စီးမှုအနည်းငယ်သာရှိသည်ဟု မုချာ ‌ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် တောင်ယာစိုက်ပျိုးလုပ်ကိုင်ကြသည့် လယ်သမားများမှာ စစ်ဘေး‌ရှောင်နေခဲ့ရသည့်အတွက်ကြောင့် စိုက်ပျိုးမြေဧက များစွာမစိုက်ပျိုးနိုင်ခဲ့ပေ။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ စစ်ပွဲများရပ်တန့်နေသည့်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ကထက် လယ်ဧကပိုမို စိုက်ပျိုးနိုင်သည်ဟုလည်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးဦး‌ကျော်ဇံကပြောသည်။

ရခိုင်ပြည် တောင်သူလယ်သမား သမဂ္ဂစာရင်းအရ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးမြေဧက ပေါင်း ၁၂၀၀၀၀၀ ခန့် ရှိပြီး၊ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က စစ်ပွဲအခြေအနေကြောင့် ဧကပေါင်း ၆၅၀၀၀၀ ခန့်မစိုက်ပျိုးနိုင်ခဲ့ပေ။

ယခု ၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီတွင် ယင်း ၁၂၀၀၀၀၀ ခန့်ထဲမှ ဧကပေါင်း ၈၅၀၀၀၀ ခန့် စိုက်ပျိုး နိုင်ခဲ့ပြီး ကျန် ဧက ၃၅၀၀၀၀ ခန့်မှာ လယ်ယာစိုက်ပျိုးရေး လုပ်ဆောင်သည့် တောင်သူလယ်သမားများ စစ်ဘေးရှောင် အဖြစ်ခို လှုံနေ ရသည့်အ တွက် စိုက်ပျိုးနိုင်ခြင်းမရှိသေးပေ။
Western News-WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်