Taunggup, philantharaphist
test1

တောင်ကုတ် ဖမ်းဆီးခံလူငယ်များထဲမှ ကိုအောင်ဝင်းနိုင်ကို လိုင်စင်မဲ့ကားစီးနင်းမှုဖြင့် အမှုဖွင့်


Western News – ဩဂုတ်၊ ၅ ရက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းမှ ဖမ်းဆီးခံ ပရဟိတလူငယ် ကိုအောင်ဝင်းနိုင်မှာ တောင်ကုတ် မြို့မရဲစခန်း၌ လိုင်စင်မဲ့ကားစီးနင်းမှုဖြင့် အမှုဖွင့်ခံထားရကြောင်း သက်ဆိုင်သူများ၏ပြောဆိုချက်အရ သိရသည်။

အောင်ဝင်းနိုင်စခန်းသို့ရောက်သည်မှာ လဝက်ခန့်ရှိပြီဖြစ်ပြီး ကိုဗစ်ကာလအခြေနေကြောင့် ရုံးထုတ်စစ်ဆေးခြင်း များမပြုလုပ်နိုင်သေးကြောင်း တာဝန်ရှိ ရဲအရာရှိတစ်ဦးမှပြောသည်။

“သူစခန်းကိုရောက်နေတာ ၁၅ ရက်လောက်ရှိပါပြီ။ ကားလိုင်စင်မဲ့စီးနင်းမှုနဲ့ အမှုဖွင့်ထားတယ်။ တရားရုံးတွေဘာတွေ တော့မထုတ်ရသေးဘူး။ ခုဖြစ်နေတဲ့ကိုဗစ်အခြေနေတွေကြောင့်ပါ”

အမည်မဖော်လိုသည့် တာဝန်ရှိ ရဲအရာရှိတစ်ဦးပြော

ရဲစခန်းတွင်ရှိနေခြင်းကို ဆက်စပ်သူများမှ အသိပေး၍သိရှိခြင်းဖြစ်ပြီး လူချင်းတွေ့ဆုံနိုင်မှုမရှိသေးကြောင်း ကိုအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုး ကပြောသည်။

“အခုက တောင်ကုတ်မြို့မရဲစခန်းမှာရောက်နေပြီလို့သိရတယ်။ အဆက်စပ်ရှိတဲ့အသိတွေလာပြောတာပါ။ အစားသောက်နဲ့ အဝတ် အထည်တွေတော့ စခန်းကိုပို့နေပေးနေတယ်။ စခန်းရောက်နေတာက သူတစ်ယောက်တည်းပဲ။ တစ်ခြားအဖမ်းခံ ထားရတဲ့သူတွေကတော့ တပ်ထဲမှာပဲရှိသေးတယ်လို့ကြားပါတယ်”

ကိုအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုး

ကိုအောင်ဝင်းနိုင်အပါအဝင်လူငယ် ၇ ဦးဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်အကြာတွင် တပ်ရင်းမှူးတစ်ယောက်မှ ဖုန်းဆက်ကာ နွေဦးတော်လှန်ရေးလုပ်သည့် ဖောက်ခွဲရေးသမားများနှင့် ဆက်စပ်နေ၍ ဖမ်းဆီးထားခြင်းဖြစ် သည်ဟု လာပြောကြောင်း မိုးပညာဒါနပရဟိတကျောင်းမှ ဆရာတော်အရှင်သီရိနန္ဒက Western News သို့ဖြေကြားမှုများရှိခဲ့သည်။

ကိုအောင်ဝင်းနိုင်မှာ AA နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း မိသားစုဝင်များက ပြောဆိုမှုများရှိခဲ့ပြီး ဖမ်းဆီးခံရသည့်နေ့မှစ၍ မိသားစုနှင့် ၁ လကျော်ကြာအဆက်သွယ်ပြတ်နေခဲ့ကာ ယခုမှ ရဲစခန်း၌ ကားလိုင်စင်မဲ့စီးနင်းမှုဖြင့် ဖမ်းဆီးခံထားရကြောင်း သိရှိရခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AA ဖက်မှလည်း ဖမ်းဆီးခံလူငယ်များမှာ ၎င်းတို့နှင့်ဆက်စပ်မှုတစ်စုံတစ်ရာမရှိ ကြောင်း AA ၏ပြောရေးဆို ခွင့်ရှိသူ ခိုင်သုခက ဇွန်လအတွင်း၌ Western News သို့ဖြေကြားခဲ့သည်။

ကိုအောင်ဝင်းနိုင်ကို ဇွန်လ ၅ ရက်နေ့၌ သံတွဲ-တောင်ကုတ် ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်ထဲတွင် သူနှင့်အတူ တစ်ခြားလူငယ် ၆ ဦးလည်းပါဝင်ကာ ထိုသူများမည်သူမည်ဝါ ဖြစ်သည်ကို ယခုထိစုံစမ်း၍ မရရှိသေးပေ။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်