Rakhine car
test1

ရခိုင်မြောက်ပိုင်း၌ပြေးဆွဲနေသည့် ခရီးသည်ကားစျေးနှုန်း ၃ ဆအထိမြင့်တက်


Western News – သြဂုတ်လ ၅ ရက်

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်၊ မြောက်ပိုင်၌ပြေးဆွဲနေသည့် ခရီးသည်တင်ကားစျေးနှုန်းမှာ လူတစ်ဦးလျှင် ၃၀၀၀၀ ကျပ်အထိကောက်ခံနေကြရသည်ဟု ကားသမားများကပြောသည်။

မြောက်ပိုင်းမြို့များရှိ စစ်တွေမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ ယခင်က လူတစ်ဦးလျှင်စျေးနှုန်း ၁၀၀၀၀ ကျပ်ရှိရာမှ ယခုအချိန်မှာ ၃၀၀၀၀ ကျပ်အထိ ၃ ဆ မြင့်တက်နေ ခြင်းဖြစ်သည်။

ယခင်က စစ်တွေမှ- မြောက်ဦးသို့ ခရီးသည်တစ်ဦးလျှင် ၁၀၀၀၀ ကျပ်ကောက်ခံပြီး ယခုအခါ ၃၀၀၀၀ ကျပ်၊ စစ်တွေမှ ကျောက်တော်သို့ ယခင်က ၈၀၀၀ ကျပ်မှ ယခုအခါ ၂၀၀၀၀ ကျပ်နှင့် စစ်တွေမှ ပုဏ္ဏားကျွန်းသို့ ယခင်က ၃၀၀၀ ကျပ်မှ ယခုအခါ ၅၀၀၀ ကျပ်အထိကောက်ခံနေရသည်ဟု ကားသမားများကပြောသည်။

ယခုလိုစျေးနှုန်းမြင့်တက်နေရခြင်းမှာ ယခင်က ကားတစ်စီးတွင် ခရီးသည် ၁၂ ဦးအထိသယ်ယူ၍ရရာမှ ယခုအချိန်မှာတစ်စီးတွင် မောင်သူတစ်ဦးနှင့် ခရီးသည် ၃ ဦးသာ သယ်ဆောင် ရ၍ စျေးနှုန်းကို မြင့်ကောက်နေ ရခြင်းဖြစ်သည်ဟု မြောက်ဦးမှ စစ်တွေသို့ပြေးဆွဲနေသည့် အမည်မဖော်လိုသော ကားသမားတစ်ဦး ကပြော သည်။

“အခုက ကားတစ်စီးမှာ လူ ၃ ယောက်ပဲတင်ခွင့်ရတယ်။ အရင်က ကားတစ်စီးမှာလူ ၁၂ ယောက်တင်လို့ရတယ်။ တစ်ယောက်ကို ၁ဝဝဝဝကျပ်ကောက်တယ်။ အခုတော့ ၃ ယောက်သာတင်ခွင့်ရလို့ တစ်ယောက်ကို ၃၀၀၀၀ အထိ ကောက်ခံရတာ”

မြောက်ဦးမှ စစ်တွေသို့ပြေးဆွဲနေသည့် အမည်မဖော်လိုသော ကားသမား

လက်ရှိအချိန်တွင် စစ်တွေမှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ယာဉ်မှာ ရပ်နားထားသဖြင့် ကျန်းမာရေး ၊ ပညာရေးကိစ္စတို့အပါအဝင်တစ်ခြား အရေးကြီးကိစ္စများဖြင့် စစ်တွေသို့သွားရမည်ဆိုလျှင် ငွေကြေးမတတ်နိုင်သည့်သူများအတွက် အခက်အခဲများစွာဖြစ်သွားနိုင်သည်ဟု မြောက်ဦးမြို့မှ ဦးမောင်လုံးချေ ကပြောသည်။

“ရွှေပြည်တန်ပြေးဆွဲနေတဲ့အချိန်ဆိုရင် စျေးသက်သာတယ်။ အခုကရွှေပြည်တန်းလည်း ရပ်ထားတယ်။ ကားတစ်ခုပဲ စစ်တွေ မြောက်ဦး၊ ကျောက်တော်ကိုပြေးဆွဲလို့ရတာ။ အခုကားစျေး ၃ ဆမြင့်နေတယ်ဆိုတော့ ငွေကြေးတတ်နိုင်သူတွေကတော့ အဆင်ပြေတယ်။ အရေးကြီးကိစ္စတွေပေါ်လာလို့ စစ်တွေကိုသွားရမယ်ဆိုရင် ငွေကြေးမတတ်နိုင်တဲ့သူတွေ အခက်အခဲဖြစ်သွားမှာပေါ့ ”

မြောက်ဦးမြို့မှ ဦးမောင်လုံးချေ

လက်ရှိအချိန်တွင် ကိုဗစ်ကြောင့်ရွှေပြည်တန် အမြန်ရေယာဉ်မှာ ခရီးသည်ပြေးဆွဲမှုကို ရက်အကန့်အသတ်မရှိ ယာယီရပ်နား ထားဆဲဖြစ်ကြောင်း ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်