AA/ULA
test1

ရခိုင်တွင် Stay at Home ကာလ ၂ ပတ်ကြာ ထပ်တိုးကြောင်း ULA/AA ထုတ်ပြန်


Western News – သြဂုတ် ၄ ရက်

ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်တွင် Stay at Home ကိုယ့်အိမ်တွင်နေ ထိုင်ရမည့်ကာလကို နှစ်ပတ်ကြာထပ်တိုးကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AAက ယနေ့ သြဂုတ်လ ၄ ရက်နေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။

Stay at Home ကိုယ့်အိမ်တွင်ကိုယ်နေထိုင်ရမည့် ကာလကို သြဂုတ်လ ၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ နှစ်ပတ်ကြာ ထပ်တိုးသတ်မှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

United League of Arakan statement to prevent Covid 19 in Arakan state, Myanmar

ရခိုင်ပြည်နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှသြဂုတ်လ ၄ နေ့ထိ နှစ်ပတ်ကြာ Stay at Home ကာလ သတ်မှတ်ခဲ့ပြီး ရခိုင်ပြည်သူများအနေဖြင့် ၇၅ ရာခိုင်နှုန်းခန့်သာ ကိုဗစ်စည်းကမ်းလိုက်နာခဲ့ကြောင်း ULA/AA ထိပ်ပိုင်းခေါင်းဆောင်များကပြောဆိုထားသည်။

ထုတ်ပြန်ချက်တွင် ULA/AA အနေဖြင့် Stay at Home နှစ်ပတ်မသတ်မှတ်ပါက အောက်ဆီဂျင်လိုအပ်မှုမှာ ယခုထက်ထိရှိနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ယခုထုတ်ပြန်သည့် ရက်သတ္တပတ် ၂ ပတ်အား စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကျော်ဖြတ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းအပြင် ကိုဗစ်ကာကွယ်ရန်အတွက် လူတိုင်းနားလည်းသိရှိထားပြီးဖြစ်သော မဖြစ်မနေလိုက်နာရမည့်စည်းကမ်းများထဲမှာ စားဝတ်နေရေးကိစ္စ၊ စျေးရောင်းစျေးဝယ်ကိစ္စ၊ နာရေးကိစ္စနှင့် မဖြစ်မနေသွားလာရမည့်ကိစ္စများအတွက် သွားလာရမည်ဆိုပါက ကိုဗစ်စည်းကမ်းနှင့်အညီ သွားလာကြရန်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က တိုက်တွန်းထားသည်။

ဆက်လက်၍လည်း ကိုဗစ်ကာကွယ်ဆီးအား အခွင့်အရေးရပါက မဖြစ်မနေထိုးထားကြရန်နှင့် ကိုဗစ်ကာကွယ်ဆီးထိုးသည့်အချိန်အတွင်းတွင်လည်း လူစုလူဝေးရှောင်ရှားပြီး ကိုဗစ်စည်းကမ်းနှင့်အညီဆေးထိုးကြရန်လိုအပ်သလို ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အရက်ဆိုင်၊ ဂိမ်းဆိုင်များကဲ့သို့ လူစုလူဝေးဖြစ်ပေါ်စေသည့် နေရာများကိုလည်း ရှောင်ရှားသင့်ကြောင်း တိုက်တွန်းထားသည်။

ယင်းအပြင် မထမအကြိမ် Stay at Home သတ်မှတ်သည့်ကာလအတွင်း အားနည်းချက်၊ လိုအပ်ချက်များကို ဖြည့်စွက်ပေးကြသူများ၊ အပြုသဘောဖြင့်ဝေဖန်ထောက်ပြကြသူများနှင့် အကြံပြုပေးကြသူများကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီအထိ ကိုဗစ်ကူးစက်ခံရသူ ၃၀၂၁ ဦး၊ သေဆုံးသူ ၂၃၉ ဦး၊ ဆေးရုံတက်ရောက်ဆဲလူနာ ၇၇၄ ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ ၂၀၀၈ ဦးထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်