Western News- ဩဂုတ် ၇ ရက်
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းသေဆုံးမှုမြင့်တက်လာပြီး သြဂုတ် ၆ ရက်နေ့အထိ သေဆုံးသူ ၂၆၅ ဦးထိရှိလာသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ယနေ့ ဩဂုတ်လ ၇ ရက်နေ့ထုတ်ပြန်သည်။
ပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ရခိုင်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်မှ ဩဂုတ်လ ၆ ရက် ညနေ ၅နာရီအထိ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၂၆၅ ဦးနှင့် ကူးစက်ခံရသူ ၃၁၅၄ ဦးထိရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုဗစ်ကူးစက်ခံရသူများထဲမှ ၂၂၅၉ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး လက်ရှိဆေးကုသမှု ခံယူနေရသူစုစုပေါင်းမှာ ၆၃၀ ဦးထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင် သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့ပြီး တတိယလှိုင်းအတွင်း သေဆုံးသူဦးရေမှာ ၇ ဆကျော်မြင့်တက်လာခဲ့ပြီဖြစ်သည်။ရခိုင်ပြည်နယ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ကလည်း ဩဂုတ်လ ၅ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့ထိ နေအိမ်အတွင်း နေထိုင်ကြရန်နှင့် Stay at Home ကာလကို နှစ်ပတ်ထပ်တိုးကြောင်း ဩဂုတ်လ ၄ ရက်နေ့ကထုတ်ပြန်သည်။
Western News-WN