Arakan Muslim
test1

AA က လက်မရွာသို့ ဝင်ရောက်ခဲ့ခြင်းမှာ ရပ်ရွာလူကြီးများ ဖြေရှင်း၍မရသောကြောင့် ဖြစ်သည်ဟု အစ္စလာမ်သာသနာရေးရာကောင်စီထုတ်ပြန်


Western News – ဩဂုတ်လ ၈ ရက်

မင်းပြားမြို့နယ် ရွှေတမာအုပ်စု လက်မ(မွတ်စလင်)ကျေးရွာတွင် ဖြစ်ပွားသော ခိုးဆိုးလုယက်မှုများမှာ ရပ်ရွာရှိလူကြီးများအနေ ဖြင့်တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိတော့၍ ၎င်းကိစ္စများအားဖြေရှင်းပေးရန် ရက္ခိုင့်တပ်တော်သို့ အကူညီတောင်းခံခဲ့ ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီက ယမန်နေ့ ဩဂုတ် ၇ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခင်ကတည်းက ရက္ခိုင့်တပ်တော် AA မှ မင်းပြားမြို့နယ်ရှိ မွတ်စလင်လူကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် မြောက်ဦးမြို့နယ်မှ ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူပြီး ရပ်ရွာ အတွင်း ခိုးယူမှု၊ လုယက်မှုတို့ပြုလုပ်နေသော လူဆိုးလူမိုက်များရှိနေခြင်းများ လျော့ပါးစေရေးနှင့် ပတ်သတ်၍ အကောင်းဆုံး ဖြေရှင်းကြရန်နှင့် ထိန်းသိမ်း၍မရခဲ့ပါက ရက္ခိုင့်တပ်တော် AA သို့ အကြောင်းကြားရန် မှာကြားထားမှု များရှိခဲ့ကြောင်း ပါရှိသည်။

ယခုအခါ ရပ်ရွာအတွင်း ခိုးယူလုယက်မှုများပိုမိုများပြားလာပြီး ရပ်ကျေးလူကြီးများအနေဖြင့်လည်း ထိန်းသိမ်းနိုင် ခြင်းမရှိတော့သည့် အခြေအနေသို့ရောက်ရှိလာခြင်းကြောင့် လက်မ(မွတ်စလင်)ကျေးရွာအခြေအနေအား ရက္ခိုင့်တပ်တော်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က လာရောက်ဖြေရှင်းပေးခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု၊ လက်မ(မွတ်စလင်)ကျေးရွာမှ လူတချို့သည် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များရှိ ကျေးရွာများမှ ကျွဲများ၊ နွားများကို ခိုးယူခြင်း၊ အိမ်ကိုတက်၍ ပစ္စည်းများကိုခိုးယူခြင်း၊ ဆိုင်များကိုဖောင်ထွင်း၍ ပစ္စည်းများကိုခိုးယူခြင်း စသည်များကိုလုပ်ဆောင်နေသည်မှာ ၂၀၁၃ ခုနှစ်ကတည်းကပင် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါလူဆိုးသူခိုးများမှာ ပတ်ဝန်းကျင်ကျေးရွာများမှ ခိုးယူနေသည့်အပြင် လက်မ(မွတ်စလင်)ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာသားများကို ဓါးဖြင့်ခုတ်ခြင်း၊ လူသတ်မှုလုပ်ဆောင်ခြင်းနှင့် မတရားသော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းများပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှာ မိမိတို့မှ အကူအညီတောင်ခံ၍ဝင်ရောက်လာခြင်းဖြစ်ပြီး AA တပ်ဖွဲ့ဝင်များ လက်မ(မွတ်စလင်)ကျေးရွာများအတွင်းရှိနေစဉ်တွင်လည်း မွတ်စလင်များအား နှိက်စက်ခြင်း၊ စော်ကားခြင်းများ ကို လုံးဝ (လုံးဝ)မလုပ်ခဲ့ကြောင်းနှင့် ခိုးမှုနှင့်သတ်ဖြတ်မှုများကျူးလွန်နေသည့် လူဆိုးသူခိုးများ ကိုလည်း လက်မ (မွတ်စလင်) ကျေးရွာလူကြီးများရှေ့မှောက်မှ AA မှဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အစ္စလာမ်သာရေးနာရေးကောင်စီအနေဖြင့် ဤသို့ထုတ်ပြန်ရခြင်းမှာလည်း ခိုးယူလုယက်မှုများဖြစ်ပွားနေခြင်းမှာ အမှန်ကန်ဖြစ်ကြောင်းနှင့် တစ်စုံတစ်ရာညှည်းပမ်းနှိပ်စက်မှုများ မရှိခဲ့ကြောင်း အများသိစေရန် ဘာသာရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် ထုတ်ပြန်ရေးသားလိုက်ရခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ်အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဋ္ဌ ဟာဂျီ ဦးစိန်မင်း က Western News သို့ပြောသည်။

“အဲဒီရွာမှာကအရင်ကတည်းက ခိုးဆိုးမှု လုယက်မှုတွေ ပေါတယ်။ ခုကပိုများလာတော့ လူကြီးတွေအနေနဲ့ ဖြေရှင်း ရတာမနိုင်တော့ ရက္ခိုင့်တပ်တော်ကိုဖြေရှင်းပေးဖို့အကူညီတောင်းခဲ့တာ။ သူတို့လာဖြေရှင်းတုန်းကလည်း အကုန်လုံးရဲ့ရှေ့မှာဖြေရှင်းတာပါပဲ။ ညှည်းပမ်းနှိပ်စက်တာ ကလေးကိုပိတ်လှောင်ထားတာ အဲဒါမျိုးတွေမရှိပါဘူး။ ပြည်မဘက်ကထုတ်ပြန်ထားတာတွေလည်း မမှန်ပါဘူး။ အဲဒါကိုသိစေချင်လို့ ဘာသာရေးခေါင်းဆောင်အ နေနဲ့ခုလိုရေးသားထုတ်ပြန်တာပါ” ဟုပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ပွဲ#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်