Mrauk U
test1

မြောက်ဦးမြို့ဝင်ပေါက် ၅၄၀ တပ်ရင်းအနီးမှ ဖြတ်သန်း သွားလာသူများ ဆိုင်ကယ်ဆင်းတွန်းသွားရခြင်းနှင့် စစ်ဆေး မေးမြန်းခံရမှုများ ရှိနေဆဲ


Western News – ဩဂုတ်၊ ၉ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ဝင်ပေါက်အနီးရှိ ၅၄၀ တပ်ရင်းဂိတ်အားဖြတ်သန်းသွားလာသူများမှာ လက်ရှိချိန်ထိ ဆိုင်ကယ်ဆင်းတွန်းသွားရခြင်းနှင့် စစ်ဆေးမေးမြန်းခံရမှုများရှိနေဆဲဖြစ်ကြောင်း မြောက်ဦး ဒေသခံများကပြောသည်။

ဂိတ်အားဖြတ်သန်းရာတွင် ဆိုင်ကယ်ဖြင့်ဆိုလျှင် ပေ ၆၀ ခန့် ဆင်းတွန်းရပြီး ကားဖြင့်ဆိုလျှင် ကိုယ်ရေးအချက် လက်များစစ်ဆေးမေးမြန်းခံရပြီးမှ သွားလာခွင့်ရကြောင်း မြောက်ဦးလူငယ်အစည်းအရုံး၏ ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင် က ပြောသည်။

“ခုလိုစစ်ဆေးမှုတွေပြုလုပ်နေတာ တစ်နှစ်နီးပါးလောက်တော့ရှိပြီထင်တယ်။ ဆိုင်ကယ်နဲ့ဆိုရင်တော့ ပေ ၆၀ အကွာအဝေးလောက်ဆင်းပြီးတွန်းသွားရတယ်။ ကားနဲ့ဆိုရင်တော့ လူဆင်းပြီးစစ်ဆေးမေးမြန်းတာတွေခံရပါ တယ်” ဟုပြောသည်။

တိုက်ပွဲအခြေအနေများလည်းငြိမ်သက်မှုရှိနေသည့် ယခုလိုကာလမျိုးတွင် ထိုကဲ့သို့ပြုလုပ်မှုမျိုး မရှိသင့်တော့ဟု ထင်မိကြောင်း ပြည်သူများ၏စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအား အလေးမထားရာရောက်သလို လူ့ဂုဏ်သိက္ခာအရ လည်းညိုးနွမ်းမှုဖြစ်စေကြောင်း လူမှုကယ်ဆေးရေးလုပ်ငန်းများလုပ်ကိုင်ပေးနေသည့် မြောက်ဦးဒေသခံတစ်ဦး ဖြစ်သူ ကိုဇော်ထွန်း ကပြောသည်။

“မြောက်ဦးမြို့မှာ တစ်ခြားမြို့နယ်တွေနဲ့ဆက်သွယ်သွားလာလို့ရတဲ့အဓိကဝင်ပေါက်တစ်ခုဖြစ်တယ်။ ဂိတ်က ညနေ ၆ နာရီဆိုပိတ်ပြီ။ အဲလိုဆိုတော့ ကျန်းမာရေးကိစ္စတွေဘာတွေကြောင့် နောက်ကျသွားရင်ဘယ်လိုမှ အဆင်မပြေဘူး။ကျ နော်လည်းလက်တွေ့ကြုံဖူးတယ် မင်းပြားနယ်ဘက်ကို Mask တွေ လက်သန့် ဆေးရည်တွေသွားဝေတုန်းကလေ။ ကားနဲ့လာရင်လက်မှတ်ဆင်းထိုးရတယ်။ ဘယ်သွားတယ် ဘယ်ကလာတယ် အသေးစိတ်စစ်ဆေးတယ်ပေါ့။ အဲလိုဖြစ်တော့ စိတ်အနှောင့်ယှက်အများကြီး ဖြစ်တယ်ပေါ့နော်။ ဆိုင်ကယ်စီးလာ တဲ့သူတွေဆိုလည်း ဘာပဲဖြစ်ဖြစ်ဆင်းတွန်းရတာပဲ။ အဲလိုဖြစ်တော့ လူ့ဂုဏ်သိက္ခာအရလည်းညိုးနွမ်းစေ တယ်လေ။ လုံခြုံရေးအရ ဆိုပေမယ့် ခုကတိုက်ပွဲကာလလည်းမဟုတ်တော့ ဘူး။ အဲဒါကြောင့် ပြည်သူတွေဘက်ကို လည်း ကြည့်ပြီး နားလည်ပေးစေချင်တယ်”ဟုပြောသည်။

အဆိုပါ ၅၄၀ တပ်ရင်းဂိတ်တွင် လက်ရှိချိန်ထိ စက်ဘီး ဆိုင်ကယ်များဆင်တွန်းသွားနေရခြင်းမှာမဖြစ်သင့်တော့ ကြောင်း ဖြတ်သန်းသွားလာသူများအားအနှောင့်ယှက်ဖြစ်စေသလို ခရီးကြန့်ကြာမှုများလည်းဖြစ်စေကြောင်း မြောက်ဦးလူမှုကူညီရေးများလုပ်ကိုင်ပေးသူလည်းဖြစ် မြောက်ဦးပညာရေးဖောင်ဒေးရှင်း၏ အတွင်းရေးမှူး လည်းဖြစ်သူ ဦးနေကျော်မိုး မှပြောသည်။

“မြောက်ဦးမြို့ ၅၄၀ တပ်ရင်းဂိတ်နားမှာ ယခုထိ စက်ဘီး ဆိုင်ကယ်များ ဆင်းတွန်းပါ ဆိုင်းဘုတ်ကပ်ထားပြီး လုပ် နေတာက ဘဘာဝမကျဘူး။ တဖက်ကကြည့်ရင် ချိုးနှိမ်သလိုခံစားရတယ်။ အများသွားလာတဲ့ အဝေးပြေးလမ်းမှာ ဒီလိုလုပ်တာက ခရီးလည်းကြန့်ကြာသလို တော်တော်လေး အနှောက်အယှက်ဖြစ်တယ်။ စစ်ပွဲဖြစ်နေတဲ့ကာလ ဆိုတော့ လုံခြုံအရေးအရ လုပ်တာတွေက မပြောလိုပါဘူး။ ခုကအောင်တိုဘာလတည်းက နှစ်ဘက်တိုက်ပွဲရပ်ပြီး ငြိမ်းချမ်းနေတဲ့ချိန်လေ။ ခုလိုချိန်မျိုးမှာ ပြည်သူကို လေးစားတန်းဖိုးထားတဲ့အနေနဲ့ရော လူအခွင့်ရေးအရရော ဆိုင်းဘုတ် ဖြုတ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးသင့်ပါတယ်” ဟုဆိုသည်။

ရခိုင်တွင် ရက္ခိုင်တပ်တော် AA နှင့်မြန်မာ့တပ်တော်တို့ကြား ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သောကာလတစ် တစ်လျှောက်တွင် မြို့နယ်အလိုက်မြို့ဝင်ပေါက်များအနီး စစ်တပ်မှလုံခြုံရေးအရ ဂိတ်ဖွင့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြ ပြီး ထိုသို့စစ်ဆေးမှုများမှာ မြောက်ဦးမြို့ ၌ လက်ရှိတိုက်ပွဲများငြိမ်သက်နေချိန်ထိရှိနေခြင်းဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်