test1

ရခိုင်တွင် ကိုဗစ်ဖြင့်သေဆုံးသူ ၃၀၀ ထိရှိလာ၊ သေဆုံးမှုများဆက်လက်မြင့်တက်ဆဲ


Western News – ဩဂုတ်၊ ၁၀ ရက်

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဩဂုတ်လ ၉ ရက် ညနေပိုင်းအချိန်ထိ ကိုဗစ်ကူးစက်ခံရပြီးသေဆုံးသူ ၃၀၀ ထိရှိလာပြီဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်း၌ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ရှိမြို့များထဲ၌ စစ်တွေမြို့မှာ ကိုဗစ်ကူးစက်ခံရနှုန်းအမြင့်ဆုံးနှင့် သေဆုံးမှု အများဆုံး မြို့တစ်မြို့ဖြစ်ပြီး ယမန်နေ့အထိ သေဆုံးသူဦးရေ ၇၆ ဦးနှင့် ကူးစက်ခံရသူ ၆၁၁ ဦးထိရှိပြီဖြစ်သည်။ စစ်တွေမြို့ပြီးနောက် ဒုတိယသေဆုံးမှုအများဆုံးမြို့မှာ တောင်ကုတ်မြို့ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၄၅၃ ဦးထဲတွင် သေဆုံးသူ ၆၂ ဦးရှိပြီဖြစ်သည်။

ရခိုင်တွင် ယခုတစ်ပတ်အတွင်း သေဆုံးမှုနှုန်းမှာ လျော့ကျသွားခြင်းမရှိဘဲ ဩဂုတ်လ ၅ ရက်နေ့တွင် ၁၄ ဦး၊ ဩဂုတ်လ ၆ ရက်တွင် ၉ ဦးနှင့် ဩဂုတ်လ ၇ ရက်တွင် ၁၇ ဦးထိထပ်မြင့်တက်သွားကာ ဩဂုတ်လ ၈ ရက်တွင် ၃ ဦးဖြစ်ပြီး ဩဂုတ်လ ၉ ရက်တွင် တစ်ရက်အတွင်းသေဆုံးသူ ၁၅ ဦးအထိ ရှိကြောင်း ပြည်နယ်ကျန်းမာရေး ဌာန၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။

ရခိုင်တွင် မြို့နယ်အလိုက်ကိုဗစ်ကူးစက်မှုများနှင့်ထဲ၌ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော မြေပုံ စသောမြို့နယ်များမှာ ရောဂါပိုးတွေ့လူနာ နည်းပါးသောမြို့နယ်များဖြစ်ပြီး ထိုအထဲတွင် မြေပုံမြို့နယ်မှာ ပိုးတွေ့လူနာ ၂၅ ဦးနှင့်အနည်းဆုံးမြို့အဖြစ်ရှိနေကာ ပိုးကူးစက်ခံရပြီး သေဆုံးမှုမရှိသေးသည့် မြို့တစ်မြို့လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုများလျော့ကျစေရန် ULA/AA မှ Stay Home ကာလကို ဩဂုတ်လ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၂ ပတ်ထပ်တိုး သတ်မှတ်ထားပြီး ကိုဗစ်စည်းကမ်းများနှင့် အညီနေထိုင်ကြရန် ညွှန်ကြားထားကာ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားသည့် ၃ လနီးပါးအတွင်း ရောဂါအတည်ပြုလူနာ ၃၃၀၀ ရှိပြီဖြစ်ပြီး ရောဂါပိုးကူးစက်မှုများမှာ ရပ်တန့်သွားခြင်းမရှိသေးဘဲ ပိုးကူးစက်ခံရပြီးသေဆုံးမှုများမှာလည်း ဆက်လက်မြင့် တက်နေဆဲဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်