Ko Aung Naing Win
test1

ကိုအောင်ဝင်းနိုင်ကို လိုင်စင်မဲ့ကားစီးနင်းမှုအပြင် မတရား အသင်းဆက်သွယ်မှုဖြင့် တရားစွဲဆို


Western News – ဩဂုတ်၊ ၁၁ ရက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းတွင် ပရဟိတလုပ်ငန်းစဉ်မျာဦးဆောင်လုပ်ကိုင်ပေးနေသူ ကိုအောင်ဝင်းနိုင် ကို လိုင်စင်မဲ့ကားစီးနင်းမှုအပြင် မတရားအသင်းဆက်သွယ်မှုဖြင့်ပါ တရားစွဲဆိုထားကြောင်း အမှုကိုကူညီဆောင် ရွက်ပေးနေသည့် ရှေ့နေများထံမှသိရသည်။

ယခုစွဲဆိုထားသောပုဒ်မများမှာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈) နှင့် မတရားအသင်ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်စွဲဆိုထားခြင်း ဖြစ်ကြောင်း အသေးစိတ်ကို အမှုဖိုင်တွဲအားမကြည့်ရသေး၍ မသိရှိနိုင်သေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက် နေသည့် ရှေ့နေ ဦးအောင်ကြည်နိုင် က Western News ကိုပြောသည်။

“ခုသူ့ကိုစွဲထားတဲ့ ပုဒ်မတွေကတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈) ရယ် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ရယ်ပေါ့။ လိုင်စင်မဲ့ကားစီးနင်းမှုကို ပုဒ်မတပ်တရားစွဲရင် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ပုဒ်မတပ်ရတာလေ။ အမှုကဘယ်လိုတွေရှိတယ်ဆိုတာတော့ အမှုဖိုင်တွဲမတွေ့ရသေးတဲ့အတွက် အသေးစိတ်တော့ သေချာ မသိသေးဘူး။ ရုံးဖွင့်ပြီး ရုံးချိန်းကျမှပဲ သေချာသိရမှာ” ဟုပြောသည်။

အမှုတွင် တရားလိုအနေဖြင့်တရားစွဲဆိုထားသူများ မည်သူမည်ဝါဖြစ်ကြောင်း မည်သည့်နှစ်ယောက်ခန့်ရှိကြောင်းကိုလည်း မသိရှိရသေးကြောင်း ရုံးချိန်းရောက်မှသာ အသေးစိတ်သိရှိနိုင်မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်ကြည်နိုင် ကဆက်ပြောသည်။

တရားစွဲဆိုခံထားရသည့် ကိုအောင်ဝင်းနိုင်၏ဇနီးဖြစ်သူ မတွယ်တာစိုးကမူ သူ့ယောကျ်ားမှာ မည်သည့်မတရား အသင်းဖြင့် ဆက်သွယ်နေခြင်းမရှိကြောင်း အဘယ်ကြောင့်ယခုကဲ့သို့စွဲဆိုခံရသည်ကိုနားမလည်နိုင်ကြောင်း ပြောသည်။

“အခုက ပုဒ်မ ၂ ခုနဲ့အစွဲခံထားရတာပေါ့နော်။ မတရားအသင်းဆက်သွယ်မှုလည်းပါတယ်လို့ပြောတယ်။ ကျမယောကျင်္ားဘယ်မတရားအသင်းနဲ့မှ ဆက်သွယ်တာမျိုးတွေမရှိပါဘူး။ ဘာလို့ခုလိုမျိုးစွဲဆိုခံရတာလည်းနားမလည်နိုင်ဘူး။ ကျမတို့က ရှေ့နေတွေဘာတွေ ငှားရမ်းဖို့လည်းမတတ်နိုင်ဘူး။ အမှုလိုက်နေတဲ့ ရှေ့နေတွေက စေတနာနဲ့ ကျမတို့ကို ကူညီပေးနေတာ” ဟုဆိုသည်။

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ကို ၂နှစ်ထက်မနည်းသော ၃ နှစ်ထက်မပို သော ထောင်ဒဏ်နှင့် ငွေဒဏ် အဖြစ်လည်းကောင်း ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈) ကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ကိုပါချမှတ်နိုင်သော ဥပဒေ အဖြစ်ပြဌာန်းပါရှိသည်။

ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံရစဉ်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များမှ ပြောဆိုမှုများရှိခဲ့ပြီး အမှုဖွင့်တရားစွဲဆိုခြင်းမခံရမီ ၁ လကျော်ခန့် အဆက်သွယ်မရဘဲပျောက်ဆုံးနေခြင်းဖြစ်ကာ လွန်ခဲ့သော လဝက်ခန့်ကသာ ရဲစခန်း၌ ရောက်ရှိနေကြောင်းသိရခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AA ဖက်မှလည်း ဖမ်းဆီးခံလူငယ်များမှာ ၎င်းတို့နှင့် ဆက်စပ်မှုတစ်စုံတရာမရှိကြောင်း AA ၏ပြောရေးဆို ခွင့်ရှိသူ ခိုင်သုခက ဇွန်လအတွင်းက Western News သို့ဖြေဆိုခဲ့သည်။

ယခုတရားစွဲခံထားရသူ ကိုအောင်ဝင်းနိုင်မှာ ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းခန့်က သံတွဲ-တောင်ကုတ် ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ် ကိုအောင်ဝင်းနိုင်နှင့် အတူ တခြားလူငယ် ၆ ဦးလည်းပါဝင်ကာ ယင်းလူငယ်များကို ယခုချိန်ထိစုံစမ်း၍မရရှိသေးပေ။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်