police force in sittwe
test1

စစ်တွေမြို့တွင်း စစ်တပ်နှင့်ရဲမှ လုံခြုံရေးတင်းကျပ်ထားခြင်းမှာ စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ဖြစ်စေဟု ဒေသခံများ ပြောဆို


Western News – ဩဂုတ်၊ ၁၁ ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခုတစ်ပတ်အတွင်း စစ်တပ်နှင့်ရဲမှ လုံခြုံရေးတင်းကျပ်စွာချထားခြင်း လမ်းသွားလမ်းလာများအား စစ်ဆေးမေးမြန်းနေခြင်းများပြုလုပ်နေသည့်အတွက် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယခုကဲ့သို့ စစ်ဆေးမေးမြန်းမှုများရှိနေသည့်အတွက် သွားလာရသည်များလုံခြုံမှုမရှိသကဲ့သို့ခံစားရကြောင်း စိုးရိမ်စရာအခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု တွေးမိနေခြင်းကြောင့်လည်း စိတ်အနှောင့်ယှက်ဖြစ်နေရကြောင်း စစ်တွေမြို့ မောလိပ်ရပ်ကွက်နေ ကိုဇော်ချေ မှပြောသည်။

“အပြင်ထွက်လိုက်တာနဲ့ လက်နက်အပြည့်နဲ့ လုံခြုံရေးချထားတာတွေတွေ့နေရတော့ သွားလာရတာတွေ စိတ်ထဲတစ်မျိုးပဲ သိပ်လုံခြုံမှုရှိသလိုမခံစားရတော့ဘူး။ ပြီးတော့ စစ်ဆေးမေးမြန်းတာတွေလည်းလုပ်တယ် အမှားတစ်ခုခုဖြစ်သွားမှာကို အရမ်းစိုးရိမ်နေရတယ်။ ပြီးတော့ စိုးရိမ်စရာအခြေနေများတစ်ခုခုရှိနေပြီလားလို့ တွေးမိရင်း စိတ်အနှောင့်ယှက်ဖြစ်နေရတယ်ဗျ” ဟုပြောသည်။

လုံခြုံရေးတင်းကျပ်လာမှုများမှာ ၎င်းတို့၏ စိုးရိမ်စိတ်များကြောင့်ဖြစ်ပြီး ယခုကဲ့သို့ လုံခြုံရေးယူမှုများ ရှိလာသည့်အတွက် ပြည်သူများအနေဖြင့်လည်း နှစ်ဖက်တင်းမာမှုများပြန်ဖြစ်လာ မည်ကို စိုးရိမ်မှုများနေကြောင်း ဝံလက်ဖောင်ဒေးရှင်း ၏အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံ ကပြောသည်။

“ရခိုင်ပြည်နယ်က ကျန်တိုင်းနဲ့ပြည်နယ်တွေနဲ့စာရင် အေးချမ်းနေတဲ့အခြေနေမှာရှိနေတယ်ပေါ့နော်။ ခုသူတို့ဘက် က ပြန်ဖြစ်လာတာက လုံခြုံရေးတွေပိုတင်းကျပ်လာတယ်။ အဲလိုဖြစ်လာတော့ တည်ငြိမ်နေတဲ့အခြေနေမှာ နှစ်ဖက်တင်းမာမှုတွေ ပြန်ဖြစ်လားမလားဆိုတဲ့ စိုးရိမ်မှုတွေ ပြည်သူတွေမှာဖြစ်လာနေကြပြီ။ သူတို့ခုလိုလုပ်တဲ့ အကြောင်းကတော့ ရက္ခိုင့်တပ်တော် ဘက်ကထုတ် ပြန်ချက်တွေကို လူထုအနေနဲ့လေးစား လိုက်နာမှုတွေ များလာတဲ့အပေါ် သူတို့အနေနဲ့ စိုးရိမ်မှုတွေရှိလာလို့ပေါ့။ အစိုးရတစ်ရပ်ပြောဆိုတာကို မလိုက်နာဘဲ တော်လှန်ရေးအင်အားစုပြောတာကိုသာ နားထောင်တယ်ဆိုတဲ့အပေါ်ရယ် နောက်ပြီး စစ်တွေမြို့မှာ အသံဗုံးတွေ ပေါက်ခဲ့တဲ့ကိစ္စအပေါ်ရော သူတို့ဘက်က မခံနိုင်ဖြစ်သွားတာမျိုးဖြစ်တယ်” ဟုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ရှိ နေရာဒေသများ၌ လုံခြုံရေးယူထားမှုများ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်းမပြုလုပ်ရန် ရခိုင်အမျိုးသားပါတီ(ANP) မှ ရခိုင်ပြည်နယ်အစိုးရထံသို့ အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုမှုရှိခဲ့သည်။

ယင်းသို့တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်းမှာ ကိုဗစ်ကာလတွင်း ပြည်သူများဒုက္ခ ရောက်နေသောအချိန်မျိုးအတွင် လုံခြုံရေးအရဆိုပြီး စစ်ဆေးနေခြင်းမျိုးမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုဖြစ်စေ သည့်အတွက် ယခုကဲ့သို့တောင်းဆို ခြင်းဖြစ်ကြောင်း ANP ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးသာထွန်းလှ ကပြောသည်။

“လုံခြုံရေးတင်ကျပ်ထားတာတွေ စစ်ဆေးမေးမြန်းတာတွေကို မလုပ်ဆောင်ဖို့ တောင်းဆိုရတာကတော့ ပြည်သူတွေက ကိုဗစ်ကာလမှာ စားဝတ်နေရေးအကျပ်အတည်းတွေ အလုပ်ကိုင်ဆုံးရှုံးမှုတွေနဲ့ တခြားစိတ်ဒုက္ခ ရောက်စရာတွေ ကြုံနေကြရတာလေ။ အဲလိုကာလမျိုးမှာ လုံခြုံရေးအရဆိုပြီး စစ်ဆေးမေးမြန်းခံရတာတွေပါထပ်ရှိ လာတော့ သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ စိတ်ဖိစီးတာတွေ ကိုပါဖြစ်လာစေတယ်။ အဲဒါမျိုးတွေ မဖြစ် ရအောင် ကျနော်တို့ဘက်ကတောင်းဆိုတာမျိုးပါ” ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့အပြင် တခြားမြို့နယ်များ၌လည်း စစ်တပ်နှင့် ရဲများက လူသွားလူလာများသွား နေရာများတွင် လုံခြုံရေးယူထားမှုများရှိပြီး လမ်းသွားလမ်းလာများအားလည်းရပ်တန့်ခိုင်းကာ စစ်ဆေးမေးမြန်းမှု များလည်း ပြုလုပ်နေကြကြောင်း ဒေသတွင်းနေထိုင်သူများကပြောဆိုကြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

Western News- WN


ဆက်စပ်စကားလုံများ : #မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်