test1

မီးရှို့ခံခဲ့ရသော ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာများတွင် ဝမ်းနည်းမှု နှစ်ပတ်လည်ပြုလုပ်


Western News – ဩဂုတ်၊ ၂၃ ရက်

ပြီးခဲ့၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက မီးရှို့ခံခဲ့ရသည့် ကျောက်တော်မြို့နယ် ဘုရားပေါင်း၊ တောင်ပေါက်ကျေးရွာနှစ်ရွာတွင် နှစ်ပတ်လည် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ သြဂုတ် ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြသည်။

ယင်းသို့တစ်နှစ်ပြည့် ဝမ်းနည်းခြင်းပြုလုပ်ရခြင်းမှာ မိမိတို့ကြုံတွေ့ခဲ့ရသည်များကိုအမြဲအမှတ်ရနေစေရန် နောက်လူများမကြုံတွေ့ကြစေရန်နှင့် အဖြစ်ပျက်အတွင်း သေဆုံးသွားသူများအားလည်း အလှူပေးဝေသောအနေဖြင့် လုပ်ရခြင်းဖြစ်ကြောင်း ဘုရားပေါင်းကျေးရွာမှ အခမ်းအနားကို ဦးစီးလုပ်ဆောင်သူ ဦးမောင်သောင်းစိန် ကပြောသည်။

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာတွင် ပြုလုပ်သည့် ဝမ်းနည်းခြင်း နှစ်ပတ်လည်အခမ်းအနား

တစ်နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းနားကို အကျဉ်းချုပ်လုပ်လိုက်တာပါ။ ကျနော်တို့ကြုံတွေ့ခဲ့ရတာတွေကို မမေ့ဖို့ နောက်လူတွေ သတိတရရှိစေဖို့ပေါ့။ ပြီးတော့ အဖြစ်ပျက်တွင်း သေဆုံးသွားတဲ့သူတွေကိုလည်း အလှူဒါန်းတွေပေးဝေပြီး သတိတရရှိကြောင်း ရွာဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေး ရေစက်ချ အမျှဝေ စတဲ့ပုံစံနဲ့ လုပ်လိုက်တာပါ” ဟုပြောသည်။

ရွာမီးရှို့ခံခဲ့ရသည်မှာ ခရစ်သက္ကရာဇ်အားဖြင့် စက်တင်ဘာလ ၃ ရက်နေ့ဖြစ်သော်လည်း မြန်မာသက္ကရာဇ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ကို အစွဲပြု၍ နှစ်ပတ်လည်အခမ်းနားပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အခမ်းအနားကို နှစ်ရွာပေါင်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ ရွာအလိုက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာလဖြစ်၍ ရွာလုံးကျွတ်လည်း မပြုလုပ်နိုင်ခဲ့ကြောင်း တစ်အိမ် ဆွမ်းတစ်ပွဲကျစီဖြင့်သာ ပါဝင်နိုင်အောင်စီစဉ်လိုက်ရကြောင်း တောင်ပေါက်ကျေးရွာမှ အခမ်းနားဦးဆောင်သူ ဦးရွှေထွန်းညို ကပြောသည်။

သိပ်ခမ်းခမ်းနားနားကြီးမဟုတ်ပါဘူး။ ကိုယ့်ရွာအလိုက်ပဲ လုပ်ဖြစ်ပါတယ်။ ရွာဦးကျောင်းမှာပဲ လူ လေးငါး ဆယ့် ကိုးယောက်နဲ့ ဆွမ်းလေးကျွေးပြီးလုပ်လိုက်တာ ကိုဗစ်ကာလဆိုတော့ လူအများကြီး လုပ်လို့လည်းမဖြစ်တော့လေ။ ရွာမှာတော့ တစ်အိမ်ဆွမ်းတစ်ပွဲစီ ချက်ခိုင်းပြီး ရွာကျောင်းကိုပို့တယ်။ အဲလိုပုံစံလေးနဲ့ပဲလုပ်ဖြစ်သွားတာပါ” ဟုဆိုသည်။

ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် ပြုလုပ်သည့် ဝမ်းနည်းခြင်း နှစ်ပတ်လည်အခမ်းအနား

၎င်းအဖြစ်အပျက်အား ဝမ်းနည်းအမှတ်ရသည့်အနေဖြင့် ယနေ့ညနေတွင် ဆီမီးထွန်း အခမ်းအနားလည်း ကျင်းပရန်ရှိကြောင်း ဘုရားပေါင်းကျေးရွားမှ ဦးမောင်မောင်သန်း ကပြောသည်။

ခုလိုရွာမီးရှို့ခံခဲ့ရတဲ့အဖြစ်ပျက်ဆိုးကြီးက လွတ်မြောက်လာခဲ့တဲ့အတွက် ကိုယ့်အတွက်တော့ ဝမ်းသာတာပေါ့။ သေဆုံးသွားတဲ့သူတွေအတွက်လည်း စိတ်မကောင်းဘူး။ ဒီအဖြစ်ပျက်ကို ဝမ်းနည်းအောက်မေ့တဲ့အနေနဲ့ ဆွမ်းကျွေးအမျှဝေအပြင် ညနေဖက် ဆီမီးထွန်းဖို့လဲ လုပ်ထားကြပါသေးတယ်” ဟုပြောသည်။

ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာသည် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး မီးရှို့ခံရသည့်ထဲတွင် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀ နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ လုံး တို့ မီးလောင်ဆုံးရှုံးခဲ့ရကာ အမျိုးသား ၂ ဦးလည်းသေဆုံးမှု ရှိခဲ့သည်။

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာတွင် ပြုလုပ်သည့် ဝမ်းနည်းခြင်း နှစ်ပတ်လည်အခမ်းအနား

အဆိုပါ မီးရှီု့ခံရမှုနှင့်ပတ်သက်၍ ကျေးရွာသားများက ၎င်းတို့အရွာအနီးကားလမ်းမပေါ်တွင် မိုင်းပေါက်ကွဲပြီး နောက် စစ်တပ်မှနယ်မြေရှင်းလင်းရေးလုပ်ရာတွင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားသည်။ သို့သော်လည်း စစ်တပ်ဖက်ကမူ ရက္ခိုင့်တပ်တော် AA မှ မီးရှို့သွားခဲ့ခြင်းသာဖြစ်သည်ဟု ပြန်လည်ငြင်းဆိုထားသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်