အမ်းမြို့တွင်ကားမှောက် လူသေ
test1

အမ်းတွင် ကားတိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရ


Western News- သြဂုတ်လ ၂၈ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီးတွင် ယနေ့ သြဂုတ် ၂၈ ရက် နေ့လည် ၂ နာရီ အချိန်ခန့်က မန္တလေးမှ စစ်တွေသို့ မောင်းနှင်လာသည့် ရွှေပြည်စိုးခရီးသည်တင်ကားတစ်စီး တိမ်းမှောက်၍ ၁ ဦးသေဆုံးပြီး မြန်မာစစ်သား ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့သည်။

တိမ်းမှောက်နေသည့်ကား

သေဆုံးသွားသူမှာ ကျောက်တော်ဇာတိ အသက် ၃၅ ခန့်အရွယ် အမျိုးသားဖြစ်ပြီး ဒဏ်ရာရရှိသူ ၉ အနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့သူများကပြောသည်။

တိမ်းမှောက်သွားသည့်ကားပေါ်တွင် ကားဒရိုင်ဘာနှင့်ကားစပါယ်ယာများအပါအဝင် ၁၄ ဦးထိစီးနင်းလိုက်ပါလာခြင်းဖြစ်ပြီး ဘရိတ်ပေါက်ကာ လမ်းနံရံနှင့် လမ်းခင်းရန်စုပုံထားသည့် ကျောက်ပုံကြားကို ဝင်တိုက်ခြင်းဖြစ်ကြောင်း ကားတိမ်းမှောက်သည့်နေရာသို့ သွားရောက်ခဲ့သည့် အမ်းတောင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကပြော Western News ကိုပြောသည်။

“ ကားတိမ်းမှောက်တာကတော့ အမ်းတောင်နဲ့ ဆင်ခုံတိုင်ရွာကြားမှာ မှောက်တာ။ ၁ ယောက်ကတော့ သေတယ်။ ၅ ယောက်က ဒဏ်ရာပြင်းထန်တယ်။ အဲဒီထဲမှာ တယောက်ကတော့ ဒဏ်ရာတော်တော်ပြင်းတယ်။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာတွရတယ်။ ကားပေါ်ပါလာသူတွေထဲမှာ ၃ ယောက်ကတော့ ဒဏ်ရာမရဘူး” ဟုပြောသည်။

ကားတိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၅ ဦးပြင်းထန်ဒဏ်ရာရ

ဒဏ်ရာရရှိသူများထဲတွင် မိတ္ထိလာမှစီးနင်းလိုက်ပါလာသည့် ဗိုလ်ကြီးအဆင့်ရှိသည့် မြန်မာစစ်သားတစ်ဦးပါဝင်ကာ အဆိုပါ ဗိုလ်ကြီးအဆင့်ရှိသူအား စစ်တပ်ကားဖြင့် အမ်းမြို့ ကုတင် ၃၀၀ ဆံ့စစ်တပ်ဆေးရုံသို့ယူဆောင်သွားပြီး ၄င်းမှာ မစိုးရိမ်ရအခြေအနေဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ဒဏ်ရာရလူနာများကို အမ်းပြည်သူ့ဆေးရုံအရေးပေါ်လူနာတင်ကားများအပါအဝင် အမ်းမြို့ပေါ်နာရေးကူညီမှုအသင်းကားများဖြင့် အမ်းပြည်သူ့ဆေးရုံသို့ယူဆောင်သွားကြောင်းလည်း သိရသည်။

လက်ရှိတွင် ကားဒရိုင်ဘာမှာ ထွက်ပြေးတိမ်းရှောင်လွတ်မြောက်နေဆဲဖြစ်ပြီး အဆိုပါ ကားတိမ်းမှောက်သည့်နေရာသို့ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်ဝန်ထမ်းများက လာရောက်ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒဏ်ရာရသူများအား အမ်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသပေးနေ

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အား ဆက်သွယ်ရာ မြန်မာစစ်သားဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး စီးနင်းလိုက်ပါလာခြင်းနှင့် ဒဏ်ရာရရှိခြင်းတို့မှာ ဟုတ်မှန်ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကို သူ့အနေဖြင့်မသိရှိကြောင်းပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #မြန်မာ့စစ်တပ်#အမ်း
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်