Arakan Wine produced in Kyaukphyu
test1

ရခိုင်တွင် ဓနိသီးမှ ဝိုင်အပါအဝင် Vinegar (အချဉ်ရည်)နှင့် ဓနိစည်သွပ်ဘူးများ စတင် ဖြန့်ဖြူးရောင်းချရန်ပြင်ဆင်နေ


Western News – ဩဂုတ် ၂၈ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓနိသီးမှ ဓနိဝိုင်အပါအဝင် Vinegar(အချဉ်ရည်)နှင့် ဓနိစည်သွပ်ဘူးများ ထုတ်လုပ်နိုင်ရန်အတွက် ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ကာ စတင်ဖြန့်ဖြူးရောင်းချရန်ပြင်ဆင်နေကြောင်း လုပ်ငန်းလုပ်ကိုင်သူထံမှသိရသည်။

ထုတ်ကုန်များကို ကျောက်ဖြူမှထုတ်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် တင်ပို့ရောင်းချနိုင်ရန်အတွက် ထုတ်ကုန်များ၏ အရည်အသွေးကိုစစ်ဆေးနေကြောင်း ဟိန်းရွှေရောင်ကုမ္ပဏီလီမိတက် တည်ထောင်သူ ဒေါ်ဟေမာန်စံ က Western News ကိုပြောသည်။

ဓနိမှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ထုတ်လုပ်နေသည့် ဝိုင်/ဓာတ်ပုံ- ဟိန်းရွှေရောင်ကုမ္ပဏီလီမိတက်

“ထွက်ရှိလာတဲ့ ထုတ်ကုန်တွေကိုတော့ မြန်မာနိုင်ငံအနှံ့အပြားနဲ့ ပြည်ပကိုလည်းဖြန့်ချီသွားဖို့ရှိတယ်။ အခုကတော့ စတင်ဖြန့်ချီဖို့အတွက် အရည်အသွေးကိုအထပ်ထပ်စစ်ဆေးနေဆဲဖြစ်တယ်။ အရည်အသွေးစစ်ဆေးချက်တွေလည်း ထွက်ရှိထားပြီဖြစ်တယ်။ ဓနိဝိုင်ရယ် Vinegar ရယ် ပြီးတော့ ဓနိစည်သွပ်ဘူးတွေကို စပြီးတော့ ဖြန့်ချီသွားမယ်။ ကျမကတော့ အခုလောလောဆယ် ကျောက်ဖြူကထုတ်သွားမယ်။ စစ်တွေမှာ ထုတ်လုပ်ဖို့အတွက်လည်း ပြည်နယ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတယ်။ စစ်တွေမှာ စက်ရုံတည်သွားမယ်”ဟုပြောသည်။

ဓနိသီးမှ ယခုလိုထုတ်ကုန်များထုတ်လုပ်နိုင်သည်ကို သူမအနေဖြင့် ယခင်ကတွေးမိခဲ့ခြင်းမရှိဘဲ ဓနိသီးမှ ဝိုင်၊ Vinegar (အချဉ်ရည်) ၊ဓနိသီးစည်သွပ်ဘူးများအပြင် ဓနိသကာ၊ ဓနိသကြား၊ ဓနိပျားနှင့် ဓနိဆားများကိုပါ ထုတ်လုပ်သွားမည်ဖြစ်ပြီး ဓနိဖူးလဖက်ခြောက်ကိုထုတ်လုပ်ရောင်းချနေသည်မှာလည်း တစ်နှစ်ကျော်ရှိနေပြီဖြစ်ကြောင်းလည်း ဒေါ်ဟေမာန်စံ ကဆက်ပြောသည်။

ဓနိမှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ထုတ်လုပ်နေသည့် ဝိုင်/ဓာတ်ပုံ- ဟိန်းရွှေရောင်ကုမ္ပဏီလီမိတက်

အဆိုပါ ဓနိဝိုင်အား စစ်တွေမြို့တွင် ဇူလိုင် ၁၁ ရက်နေ့က စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး စစ်တွေတွင်ဓာတ်ခွဲ၍မရသည့် အဆင့်များအား နေပြည်တော်သို့ပို့ဆောင်ကာ ဓာတ်ခွဲမှုများပြုလုပ်ပြီး စနစ်တကျထုတ်လုပ်နေခြင်းဖြစ်သည်ဟု သူမကဆက်ပြော သည်။

ဒေါ်ဟေမာန်စံ က “ ဓနိသီးကိုဓာတ်ခွဲစမ်းသပ်ကြည့်ရာတဲ့အခါ ကျန်းမာရေးအတွက်အများကြီး အထောက်ကူပြုတာကို တွေ့ရတယ်။ အမျှင်ဓာတ်တွေ ဖိုင်ဘာတွေအပြင် ဂျင်ဆင်းဓာတ်ထက် ၄၄ ဆ ပိုစွမ်းတာကိုတွေ့ရတယ်။ ဓနိဝိုင်ကိုလည်း မိန်းကလေးတွေရော၊ ယောက်ကျားလေးတွေပါ သောက်လို့ရအောင်ထုတ်လုပ်သွားပါ့မယ်။ ကျမတို့မှာလည်း စားသောက်ကုန်၊ လူသုံးကုန်လိုင်စင်တွေလည်း ရှိနေပြီဖြစ်တယ်။ ပြည်တွင်းပြည်ပဖြန့်ဖြူးခွင့်လဲရှိတယ်။ စက်တင်ဘာလကုန်လောက်ဆိုရင်တော့ ထုတ်ဖြစ်မယ်ထင်ပါတယ်” ဟု သူမကပြောသည်။

ယင်းအပြင် အဆိုပါ ထုတ်ကုန်ပစ္စည်းများမှာ ကျန်းမာရေးအရလည်း ကောင်းမွန်ပြီး တောင်ကိုးရီးယားနှင့် ဂျပန်တို့တွင်ဆိုလျှင် ဓနိသီးမှ မိတ်ကပ်၊ သွားတိုက်ဆေးနှင့်ခေါင်းလျှော်ရည်များအပါအဝင် ထုတ်ကုန်အမျိုးအစားပေါင်း ၁၀၀ ကျော်ထိ ထုတ်လုပ်ရောင်းချကြောင်း သူမက ဆက်ပြောသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်