မုဒိန်းမှု
test1

အမ်းတွင် ၁၆ နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ


Western News- ခင်သီတာ
ဒီဇင်ဘာ ၂၅ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၉ နာရီကျော်အချိန်ခန့်က အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မူးယစ်ရမ်းကားသူ ၂ ဦးက အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွားကြောင်းသိရသည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ညနေ ၉ နာရီခန့်က အဆိုပါ အမျိုးသမီးငယ်မှာ ၎င်းနေအိမ်နှင့် မနီးမဝေးတွင် ရှိသည့် အသိမိတ်ဆွေအိမ်တွင် ဗွီဒီယိုကြည့်၍ အပြန်၌ အမျိုးသမီးငယ်အား အမ်းမြို့ မြောက်ဖက်အုပ်စု၊ ကမ်းဒိတ်ကျေးရွာမှ အမျိုးသား ၂ ဦးတို့က အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြခြင်းဖြစ်ကြောင်း အမျိုးသမီးငယ် နေထိုင်သည့်ရပ်ကွက်မှ အုပ်ချူပ်ရေးမှူးက ပြောသည်။

၂၂ ရက်နေ့က ည ၉ နာရီလောက်မှာ ရာအိမ်မှူးတစ်ဦးက ဖုန်းဆက်လာတယ်။ ဥက္ကဌ ဒီမှာကလေးမ တစ် ယောက်ကို အရက်မူးသမားအဖွဲ့က ဆွဲသွားတယ်။ အဲဒါတာဆိုရင် ရပ်ကွက်က ဝိုင်းပြီးမလိုက်ကြဘူးလားဆို ပြီး ကျွန်တော့်ကိုပြောတယ်။ ရပ်ကွက်က လူတွေကလည်းခေါ်မရဘူးတဲ့။ မင်းတို့သွားကြည့်လားဆိုတော့ ။သွား ကြည့်တဲ့ သူ့အဖေကိုတောင် ရန်ရှာပြီးလွှတ်လိုက်တယ်တဲ့။ ရဲခဏလွှတ်ပေးပါဆိုလို့ ရဲကိုဖုန်းဆက်ခေါ်ပြီးလွှတ် လိုက်တယ်။ ပြီးတော့မှ ဝိုင်းလိုက်ဖမ်းတဲ့အခါ တစ်ဦးကိုတော့ ဖမ်းရတယ်

အုပ်ချူပ်ရေးမှူး

လက်ချိန်တွင် ၁ ဦးကိုသာ ဖမ်းမိထားပြီး ကျန် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေသည့် အတွက် အမြန်ဆုံး ပြန်လည်ဖမ်းဆီးအရေးယူဆောင်ရွက်စေချင်သည်ဟု ၎င်းကဆက်ပြောသည်။

ဖမ်းဆီးရမိသည့် တရားခံ၏ ထွက်ဆိုချက်များအရ ထွက်ပြေးသွားသူမှာ ၃ ကြိမ်အထိပြုကျင့်ခဲ့ပြီး ၎င်းမှာ ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောဆိုသည်ဟု ရဲမှတ်တမ်းအရသိရသည်။

အမျိုးသမီးငယ်မှာ အသက် ၁၆ နှစ်သာရှိသေးသည့်အတွက် ယခုကဲ့သို့ ဖြစ်သွားသည့်အတွက်လွန်စွာ စိတ်မကောင်း ဖြစ်ရပြီး ထွက်ပြေးနေသော တရားခံတစ်ဦးအားလည်း အမြန်ဆုံးဖမ်ဆီးကာ ထိုက်တန်သော ထောင်ဒဏ်ကို ချမှတ်စေချင်သည်ဟု အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူကပြောသည်။

ကျွန်တော်သမီးလေးက ခုမှ အသက် ၁၆ နှစ်ပဲရှိသေးတယ်။ ၄ အိမ်ခြား အိမ်မှာ ဗွီဒီယိုသွားကြည့်ပြီးပြန် လာတာ ပါ။ သူတို့က ကျွန်တော့်သမီးလေးကို အခုလိုမျိုး နှမချင်းကိုယ်ချင်းမစာ ခုလိုလုပ်တဲ့အတွက် ထိုက်သင့် တဲ့ ထောင်ဒဏ်၊ အပြစ်ဒဏ်တွေကို ချမှတ်စေချင်တယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ နောက် တစ်ဦးကို လည်း အမြန် ဆုံးဖမ်းမိပြီးတော့။ အပြစ်ခံစေချင်တယ်

အမျိုးသမီးငယ်၏ ဖခင်

အဓမ္မပြုကျင့်သူနှစ်ဦးမှာ ကမ်းဒိတ်ကျေးရွာမှ မိုးယံထက်စီ အသက် (၂၂)နှစ်နှင့် မောင်သောင်းဖေ အသက် (၂၅) နှစ်တို့ဖြစ်သည်။

မောင်သောင်းဖေကို အခင်းဖြစ်ပွားသည့်နေ့မှ ဖမ်းဆီးရမိထားပြီး မိုးယံထက်စီမှာ ထွက်ပြေးလွှတ်မြောက်ဆဲဖြစ်ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု ၎င်းအမှုအား ဆောင်ရွက်နေသူ “သဇင်”ဥပဒေဆိုင်ရာထောက်ပံ့ကူညီရေး ရုံးမှ အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်ကပြောသည်။

လက်ရှိမှာတော့ ကျွန်တော်တို့ကို အကူအညီတောင်းလို့ ကျွန်တော်တို့က အကူအညီပေးဆောင်ရွက်နေပါ တယ်။ တရားခံက တစ်ဦးပဲ ဖမ်းမိသေးတယ်။ နောက်တစ်ဦးက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်ပေါ့နော်။ အမှုဖွင့်ထားတာကတော့ အဲဒီနေ့ကတည်းက မိသားစုတွေကအမှုဖွင့်ထားတာပါ။ ကျွန်တော်တို့က အတတ်နိုင် ဆုံး လိုက်ပါကူညီဆောင်ရွက်ပေးသွားမှာပါ

အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်

လက်ရှိတွင် တရားခံ ၂ ဦးကိုအမ်းမြို့နယ် ရဲစခန်းတွင် (ပ) ၁၂၀ /ပုဒ်မ ၃၇၆/၁၁၄ တို့ဖြင့်အမှုဖွင့်ထား ကြောင်း အမ်းမြို့မရဲစခန်းမှသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်