အမ်းတွင် ကယ်ဆယ်ရေးကား တားမြစ်ခံရ
test1

ဒါးလက်ချောင်းဖက်သို့ ကယ်ဆယ်ရေး သွားရောက်ပေးသည့် ပရဟိတအဖွဲ့ စစ်တပ်ကတားမြစ်၍ လှည့်ပြန်ခဲ့ရ


Western News-ဩဂုတ် ၃၀ ရက်

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းသို့ စားနပ်ရိက္ခာများပို့ဆောင်ရန်သွားသည့် မေတ္တာရှင် ပရဟိတအဖွဲ့ကို စစ်တပ်ကတားမြစ်၍ ပြန်လှည့်ပြန်ခဲ့ရကြောင်း အမ်းမြို့နယ်ရှိ လူငယ်များဖွဲ့စည်းထားသည့် မေတ္တာရှင် ပရဟိတ က ပြောသည်။

ဒါးလက်ချောင်းသို့သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို အမ်းမြို့အထွက်ဂိတ် တပ်ရင်း ၃၇၃ သွားခွင့်မပြုဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်တောင်းရန်ပြောဆိုခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့် တောင်းရာတွင်လည်း စစ်တပ်ဆီမှာ ခွင့်ပြုမိန့်တောင်းရန် ပြောဆိုခဲ့ကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက Western News ကိုပြောသည်။

“ကျွန်တော်တို့က ဩဂုတ် ၂၇ ရက်နေ့က ဒါးလက်ချောင်းကပြည်သူတွေဆီကို ကိုဗစ်ကာလအခက်အခဲတွေကြောင့် ဆန်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းဖို့သွားခဲ့တာပါ။ အဲဒီလိုသွားတာကို ၃၇၃ စစ်ဆေးရေးဂိတ်ကတားပြီးတော့ အဲဒီဂိတ်က ဗိုလ်မှူးကနေပြီးနေပြီးတော့ မြို့နယ်အုပ်ချူပ်ရေးမှူးဆီက ခွင့်ပြုမိန့်တောင်းလိုက်ပါလို့ပြောတယ်။ ကျွန်တော်တို့ မြိုနယ်အုပ်ချူပ်ရေးမှူးဆီသွားပြီး ခွင့်တင်တော့ စစ်တပ်ကိုသွားပြောဖို့ထပ်ပြောတယ်။ စစ်တပ်ကိုသွားတော့ သူအပြင်ကို ရောက်နေတယ်ဆိုပြီး တွေ့ခွင့်မရခဲ့ဘူး။ မြို့နယ်အုပ်ချူပ်ရေးမှူးထံ ခွင့်ပြုစာထပ်တင်ပေမယ့်လည်း ခွင့်ပြုချက်မရပြန်ဘူး” ဟု ပြောသည်။

ယင်းခရီးစဉ်ကို သွားရောက်နိုင်ရန်အတွက် မေတ္တာရှင်ပရဟိတအဖွဲ့ ဩဂုတ် ၂၇ ရက်နေ့က ၃၀ ရက်နေ့အထိ ခွင့်ပြုမိန့် ရရှိရန်စောင့်ဆိုင်းနေခဲ့သော်လည်း ခွင့်ပြုမိန့်တစ်စုံတစ်ရာမရရှိဘဲ ကယ်ဆယ်ရေးခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း
မေတ္တာရှင်ပရဟိတ က ပြောသည်။

စစ်တပ်က မည်ကဲ့သို့ သွားခွင့်မပြုဆိုသည်ကို မသိရဘဲ ပြည်သူများအငတ်ဘေးကြုံတွေ့နေရချိန်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေသည့် ပရဟိတ အဖွဲ့များအား တားမြစ်ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သောကြောင့် ဒါးလက်ချောင်းအနီးမှကျေးရွာအများစုမှာ ပုံမှန်သွားလာခွင့်မရရှိသေးသလို ပြည်သူများမှာ စားဝတ် နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး အကူအညီပေးနေသည့်လူမှုအဖွဲ့အစည်းကို တားမြစ်ထားခြင်းမှာ မဖြစ်သင့်ကြောင်း ဒါးလက်ချောင်းအတွင်း သီတင်းသုံးကျောင်းထိုင်နေသည့် အမည်မဖော်လိုသည့် ဆရာတော်တစ်ပါးက Western News ကိုမိန့်သည်။

အမ်းစစ်တပ် ၃၇၃ မှတား၍ ဒါးလက်သို့ ကားဆယ်ရေးကားသွား၍မရ၊ ကယ်ဆယ်ရေး ခရီးစဥ်ဖျက်သိမ်းလိုက်ရ/ဓာတ်ပုံ သဘာဝနဒီ

“လက်ရှိဒါးလက်ချောင်းက ရွာတွေမှာ အလုပ်တွေကရှားပါးသလို ကိုဗစ်ကာလဖြစ်တာကြောင့် လူ ၁၀၀ မှာ ၄၀ လောက်က စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံနေကြရတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ပုံမှန်အခြေနေတွေ မဟုတ်သေးဘူး။ အခုလို ပရဟိတ အသင်းတွေက ရိက္ခာလာလှူဒါန်းတာကို တားမြစ်တာကတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ဆရာတော်က မိန့်သည်။

အဆိုပါ ကယ်ဆယ်ခရီးစဉ် တားမြစ်ခံရပြီး ခွင့်ပြုမိန့်မရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား Western News မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဒါးလက်ချောင်းဖက်တွင် ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး အမ်းမြို့နယ်တွင် ကျေးရွာအုပ်စုတစ်ခုတည်းတွင် ကျေးရွာအများဆုံးရှိသည် မြို့နယ်တစ်ခုလည်းဖြစ်သည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်#စစ်ဘေး#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်