test1

စစ်တပ်မှ ဖမ်းဆီးခဲ့သည့် မွတ်ဆလင်အုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းကို ဆေးရုံသို့လာပို့


Western News – သြဂုတ်လ ၃၁ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျ(မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့ သြဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရုပ်အလောင်းအား မောင်တောပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပို့ဆောင်သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကပြောသည်။

ဦးရှည့်ကျကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီအာလောင် အသက် ၃၂ နှစ်မှာ သြဂုတ်လ ၂၉ ရက် ညနေပိုင်းအချိန်က မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့သွားစဉ် စရဖ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေမှူးတစ်ဦးက “ဒီနေ့ မနက်မှာ မောင်တောဆေးရုံကို အလောင်းလာပို့သွားတာ။ ဦးရှည့်ကျကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ရုပ်အလောင်းပါပဲ ”ဟုပြောသည်။

ယင်းအပြင် ကြက်ရိုးပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးတို့မှာလည်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ယခုအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ဆေးရုံသို့လာပို့သွားသည့် ရုပ်အလောင်းမှာ မွတ်ဆလင်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာများအပြင် နှလုံးတွင်အဆီဖုံးကာ ပုတ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မောင်တောပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာနုကေသီစံက Western News ကိုပြောသည်။

“ပြင်ပဒဏ်ရာနည်းနည်းပါတယ်။ အပြင်းအထန်တော့မဟုတ်ဘူး။ ဆေးပညာအရဆိုရင်တော့ နှလုံးအဆီဖုံးပြီးတော့ နှလုံးသွေး ကြောတွေနည်းနည်းပိတ်နေတယ်။ ပြီးတော့ နှလုံးပုတ်နေတာလည်း တွေ့ရတယ်။ ဒီနေ့ နံနက်ပိုင်းက လာပို့သွားတာ။ မွတ်ဆလင်အုပ်ချုပ်ရေးမှူးတယောက်ရဲ့အလောင်းပါပဲ။ အလောင်းကတော့ လောလောဆယ် ဆေးရုံမှာရှိနေသေးတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးအားဆက်သွယ်ရာ အစည်းအဝေးတက်နေကြောင်း သူ၏ကိုယ်ရေးအရာရှိက ပြောသည်။
Western News-WN


ဆက်စပ်စကားလုံများ : #မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်