test1

ပိုက်လိုင်းစီမံကိန်းကြောင့် တောင်သူများ၏ နစ်နာမှုများကို ပြည်နယ်အစိုးရထံတင်ပြထားသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သော်လည်း ဖြေရှင်းမပေးသေးဟုဆို


Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၂၅ ရက်

မြန်မာ – တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် အမ်းမြို့နယ်မှ တောင်သူများ၏ နစ်နာမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ပြည်နယ်အစိုးရထံတင်ပြထားသည်မှာ ၃ နှစ်ကျော်ကြာရှိနေပြီဖြစ်သော်လည်း တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိသေးကြောင်း နစ်နာခဲ့ရသည့် တောင်သူများကပြောသည်။

အဆိုပါမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးအပါအဝင် တောင်သူ၊ ကုမ္ပဏီ၊ အစိုးရကိုယ်စားလှယ် ၁၇ ဦးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် တောင်သူများ၏ နစ်နာမှုများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပြည်နယ်အစိုးရထံတင်ပြထားသော်လည်း ယခုအချိန်ထိ ဖြေရှင်းမပေးသေးကြောင်း အမ်းမြို့နယ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ဥက္ကဌနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ တောင်သူကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုမျိုးလွင် ကပြောသည်။

အစိုးရက နစ်နာခဲ့ရတဲ့ တောင်သူတွေရဲ့ လယ်မြေတွေ အပါအဝင် ဥယျာဉ်မြေ၊ ကိုင်းမြေ ၊ ရွာဘုံပိုင်မြေတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ရရှိလာတဲ့ ရလဒ်တွေကို နှစ်ပတ်အတွင်းမှာ တင်ပြရမယ်ဆိုပြီး ပြည်နယ်အစိုးရက ခရိုင်အုပ်ချုပ်ရေးမှူးကို ဥက္ကဌ ခန့်ပြီးတာ့ ခရိုင်ဦးစီအရာရှိတွေ ၊ မြို့နယ်ဦးစီးအရာရှိတွေ ၊ေ ကျးရွာအုပ်စုတစ်စုက တောင်သူကိုယ်စားလှယ်တစ်ဦးကျစီပါပြီးတော့ ကုမ္ပဏီဖက်ကကိုယ်စားလှယ်လည်း သဘောတူညီပြီးလက်မှတ်ရေးထိုးပြီးတော့ တောင်သူတွရဲ့ နစ်နာမှုတွေ ၊ စစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက်တွေ ၂၀၁၇ နိုဝင်ဘာလက ပြည်နယ်အစိုးရဆီတင်ပြခဲ့တယ်။ ပြည်နယ်အစိုးရကလည်း ပြည်ထောင်စုအစိုးရဆီတင်ပြထားတယ်လို့တော့ပြောတယ်။ ဒါပေမယ့် အခုအချိန်ထိ တောင်သူတွေရဲ့နစ်နာမှုတွေကို အစိုးရကဖြေရှင်းပေးတာမျိုးမရှိသေးဘူး

တောင်သူကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုမျိုးလွင်

တောင်သူများ၏ နစ်နာမှုများကို ပြည်နယ်အစိုးရမှ ဖြေရှင်းမပေးခြင်းမှာ ပြည်နယ်အစိုးရကိုယ်တိုင်တွင် လုပ်ပိုင်ခွင့်မရှိသလိုဖြစ်နေပြီး လုပ်ပိုင်ခွင့်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်သည့်အကြောင်းအရာကို ရခိုင်ပြည်နယ်အစိုးရကဖြေရှင်းပေးရမည် ဖြစ်ကြောင်း ကိုမျိုးလွင်ကပြောသည်။

ယင်းအပြင် နစ်နာခဲ့ရသည့်တောင်သူများကို လျော်ကြေးပေးရာတွင်လည်း ကွဲပြားခြားနားမှုများရှိနေပြီး ရခိုင်ပြည်နယ်တွင် မြေခံကောင်းသည့် လယ်တစ်ဧက ကို ၁၈ သိန်း(သီးနှံနစ်နာကြေး အပါအဝင်)ကျော်သာပေးပြီး ရှမ်းပြည်နယ်တွင် လယ်တစ်ဧကကို ၂၂၀.၆ သိန်းထိပေးခြင်းမှာလည်း တရားမျှတမှုမရှိကြောင်း ကိုမျိုးလွင်ကဆက်လက်ပြောဆိုသည်။

ပိုက်လိုင်းစီမံကိန်းတွင် ပေ ၁၀၀ ပတ်လည်အိမ်ခြံနှစ်ခုပါသွားသည့် အမ်းမြို့နယ်၊ ပတ်ကွေ့ကျေးရွာမှ ကိုသန်းထွန်းက” အဲဒီပိုက်လိုင်းစီမံကိန်းကြောင့် ကျွန်တော့်မှာ အိမ်ခြံမြေနှစ်ခုပါသွားတယ်။ အခုအချိန်ထိအစိုးရဆီက လျော်ကြေးမရဘူး။ စီမံကိန်းထဲကပ်ပါသွားတဲ့ သရက်ပင်တွေ အတွက်ပဲရတယ်။ အိမ်ခြံမြေအတွက် လျော်ကြေးရစေချင်တယ်

ကိုမျိုးလွင်

အစိုးရမှ ပိုက်လိုင်းစီမံကိန်းကြောင့်နစ်နာသွားသည့် တောင်သူများကိုလျော်ကြေးပေးရာတွင် သီးနှံနစ်နာကြေးသာပေးထားပြီး လယ်မြေနစ်နာကြေးအတွက်လည်းပေးစေလိုကြောင်း စီမံကိန်းထဲတွင် လယ်ဧက ၈ ဧကပါသွားသည့် ကိုဟန်ဝင်းအောင်ကပြောသည်။

ကျွန်တော့်မှာ ၈ ဧကပါသွားတယ်။ အစိုးရက သီးနှံနစ်နာကြေးသာပေးတယ်။ မြေယာနစ်နာကြေးအတွက် အစိုးရက ပေးကိုမပေးသေးဘူး။ ကျွန်တော့်တို့ တော့်တော့်ကို နစ်နာတယ်။ လယ်သမားတွေဆိုတာက ဆင်းရဲသားတွေပါ။ အဲဒါကို အစိုးရကသိဖို့လိုတယ်။ မြေယာနစ်နာကြေးကိုလည်း ပေးဖို့လိုတယ်

ကိုဟန်ဝင်းအောင်

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တု ဝန်ကြီး ဦးကျော်လွင်အား Western News မှ ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် နေ့တွင် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

အဆိုပါပိုက်လိုင်းစီမံကိန်းကြောင့် အမ်းမြို့နယ်မှဆုံးရှုံးခဲ့ရသည့်မြေဧရိယာမှာ ကျေးရွာ ၃၂ ရွာမှ တောင်သူ ၅၈၉ ဦး၏ လယ်မြေဧက ၃၁၉.၅ ဧက၊ ဥယျာဉ်မြေ ၂၈၆.၇၈ ဧက ၊ မြေရိုင်းမြေလွတ် ၁၅၄.၇၃ ဧက ၊ ကျေးရွာနှင့်မြို့မြေ ၆.၅၆ ဧက ၊ သချို င်္င်းမြေ ၂.၇၅ ဧက ၊ ကိုင်းမြေ ၁.၆၉ ဧက ၊ ဓနိမြေ ၅.၂၈ ဧက၊ ကန်မြေ ၂.၆ ဧက ထိရှိကြောင်းလည်းသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #သဘာဝ သယံဇာတ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်