Rakhine Cock market
test1

ကြက်စာများ ဈေးနှုန်းမြင့်မားမှုကြောင့် ကြက်မွေးမြူရေး လုပ်ငန်းများ ရပ်တန့်ထားရ


Western News – ဩဂုတ်၊ ၃၁ ရက်

ရခိုင်ပြည်နယ်တွaင် ရန်ကုန်ဘက်မှဝယ်ယူရသည့် ကြက်စာဈေးနှုန်းများ မြင့်တက်မှုနှင့် ကြက်ရောင်းချရမှုလျော့နည်းခြင်း တို့ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းများရပ်တန့်ထားရကြောင်း ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများမှ ပြောသည်။

ကြက်မွေးမြူရေးလုပ်ငန်းရပ်တန့်ထားရသည်မှာ ၂ လခန့်ရှိပြီဖြစ်ပြီး ကိုဗစ်ကာလအတွင်း ကြက်စာများ ဈေးမြင့်လာကာ ကြက်ကောင် ရေရောင်းချရမှုမှာလည်း ယခင်ဈေးထက်လျော့ကျလာမှုများကြောင့် ယခုကဲ့သို့လုပ်ငန်းရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း စစ်တွေမြို့ ကံကော်ကျွန်းမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးခင်မောင်လွင် က Western Newsကို ပြောသည်။

“ကျနော်ကြက်မွေးမြူရေးကို ရပ်ထားတာ ၂ လလောက်ရှိပြီ။ ခုလပိုင်းတွေအတွင်း ကြက်စာဈေးတွေအရမ်းတက်နေတော့ ဒီလုပ်ငန်းကိုဖြုတ်ထားရတယ်။ ကိုဗစ်ကာလအတွင်းမှာ ကြက်တွေကလည်း ရောင်းမထွက်ဘူးလေ။ ဒီလုပ်ငန်းလုပ်လာတာ ၂ နှစ်ကျော်လောက်ရှိပြီ။ ခုအခြေနေကတော့ တော်တော်ဆိုးတယ်။ ကျနော်တို့ဆီမှာ ကြက်စာ ထုတ်လုပ်နိုင်မှုမရှိဘူးလေ။ အဲ့တော့သူများဆီကပဲ မှာဝယ်ရတာပေါ့။ ကြက်သားပေါက်တွေကလည်း တစ်ခါတည်းမျိုးဖြတ်ပြီးသား ဒီရောက်တဲ့ကြက်တွေက ဥလုံးဝ မဥတော့ဘူး။ ပြောရမယ်ဆိုရင် နည်းပညာပိုင်းတွေလိုတာပေါ့။ လုပ်ဖို့ဆိုရင်ကလည်း ကျနော်တို့မှာအရင်းနှီးကမရှိဆိုတော့ အဆင်မပြေပါဘူး” ဟုပြောသည်။

စစ်တွေမြို့နယ် ကြံတောရွာမှ ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးမောင်သန်းလှိုင်ကလည်း ယခင်လုပ်ငန်းစလုပ်စဉ်က ကြက်စာ 50 kg တစ်အိတ်ကို ၃၀၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခု ၄၇၀၀၀ ကျပ်ထိမြင့်နေကြောင်း ကြက်စာများကို မိမိပြည်နယ်တွင်ကိုယ်တိုင်ထုတ်လုပ်နိုင်လျှင် ကြက်မွေးမြူရေးလုပ်ငန်းတွင် ပိုအဆင်ပြေသွားမည်ဖြစ်ကြောင်းပြောသည်။

“ကျနော်တို့လုပ်ငန်းစလုပ်တုန်းကဆို ကြက်စာ တစ်အိတ်ကို ၃၀၀၀၀ လောက်ပဲရှိတယ်။ အခုက ၄၇၀၀၀၊ ၄၈၀၀၀ ထိတက်သွားတော့ အစာကျွေးရတာနဲ့ ကြက်အထွက်နှုန်းနဲ့က မကိုက်ဘူးလေ။ ကျနော်တောင် လုပ်ငန်းရပ်ထားတာ ၁ လလောက်ရှိပြီ။ ကြက်စာတစ်အိတ်က ကြက်ကောင် ရေ ၂၀ အတွက် တစ်ရက်စာပဲရှိတယ်။ ကြက်စာကို ကိုယ်တိုင်လုပ်နိုင်မယ်ဆိုရင်တော့ အတော်ကောင်းမှာပေါ့။ ကျနော်တို့ကြည့်ရသလောက်တော့ ဆန်မှုန့်ပါတယ်၊ ပြီးတော့ သားငါးတွေ၊ ပြောင်းတွေ ပြီးတော့ အသားတိုးဆေး တွေပါတယ်ထင်တယ်။ အဲဒါတွေဘယ်လိုရောစပ်သလဲ ကျနော်တို့မသိဘူး။ တကယ်လို့ ဒေသတွင်းကြက်စာလုပ်နိုင် တဲ့သူရှိရင်လည်း ဒီကမွေးမြူရေးလုပ်ငန်းတွေ အတွက်ပိုအဆင်ပြေသွားမှာ ခုလိုရပ်ထားရတာမျိုးတွေရှိမှာမဟုတ်ဘူးပေါ့” ဟုဆိုသည်။

ကြက်သားပေါက်များ

ကြက်စာထုတ်လုပ်သည့်စက်ရုံများမှ ဈေးမြင့်လာလျှင် ၎င်းတို့မှတစ်ဆင့်ဝယ်ယူသူများလည်း ဈေးမြှင့်ရကြောင်းနှင့် ကြက်စာထုတ်လုပ်သည့်စက်ရုံများမှ နည်းစနစ်များ ရရန်မဖြစ်နိုင်ကြောင်း အစိုးရအနေဖြင့်သာ မွေးမြူရေး ဆိုင်ရာ နည်းပညာများပေးရန်လိုအပ်ကြောင်း စစ်တွေမြို့ မြို့သူကြီးရပ်ကွက်၌ ကြက်စာရောင်းချသူ ဦးသိန်းထွန်းနိုင် ကပြောသည်။

“ဒီလုပ်ငန်းလုပ်နေတာ ကျနော်အဖေလက်ထက်ကတည်းကပဲ။ နှစ် ၇၀ လောက်ရှိပြီ။ ခုထိဘာနည်းမှမရသေးဘူး။ ကြက်စာတွေကို ပြည်မစက်ရုံတွေဆီကမှာနေရတုန်းပဲ။ ပြည်မမှာ နိုင်ငံခြားသားတွေက စက်ရုံတွေထောင်ထား တယ်။ တစ်နိုင်ငံလုံးကို ကိုယ်စားလှယ်တွေနဲ့ဖြန့်တာပေါ့။ သူတို့ဆီက နည်းရဖို့ကတော့မဖြစ်နိုင်ဘူး။ နည်းပညာတွေကို လျိုထားတယ်။ အဲ့က ဈေးတက်ရင် ဒီကလည်းတက်ရတာပဲလေ။ ကျနော့်အထင်တော့ မွေးမြူရေးနည်းပညာတွေနဲ့ပတ်သက်လို့ အစိုးရပိုင်းတွေကတာဝန်ယူပြီး နည်းပညာသင်တန်း တွေပေးသင့်တယ် လို့မြင်တယ်” ဟုပြောသည်။

ကြက်မွေးမြူရေးလုပ်ငန်းတွင် ကြက်သားပေါက်တစ်ကောင်ကို ၇၅၀၊ ၈၀၀ ကျပ်ခန့်ဖြင့်ဝယ်ယူရပြီး တစ်လခန့် အစာကျွေးမွေးမြူပြီးမှ ဈေးကွက်သို့တင်ပို့နိုင်သည့် အရွယ်အစားကို ရရှိကြောင်း တစ်လသားအရွယ်ကြက်သားကို ပြန်လည်ရောင်းချလျှင် ၃၇၀၀၊ ၃၈၀၀ စသည်ဈေးနှုန်းများဖြင့် အသီးသီးရရှိကြောင်း ရခိုင်ပြည်ရှိကြက်မွေးမြူရေး လုပ်ကိုင်သူများမှပြောသည်။

ရခိုင်ရှိ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် ကြက်မွေးမြူရေးအပြင်၊ ဝက်မွေးမြူရေး၊ ဘဲမွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပြီး ၎င်းတိရစ္ဆာန်များအသားတိုးစေရန်နှင့် အထွက်နှုန်းတိုးစေရန် စက်ရုံထုတ်အစာများဝယ်ယူ၍ ကျွေမွေးမြူကြရသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်