Arakan army
test1

ရခိုင်ရှိ အကြမ်းဖက်ဖြင့် တရားစွဲဆိုထားသောအမှုများထဲမှ ၁၄ မှုကို ရုပ်သိမ်းရန်ပြင်ဆင်နေဟုဆို


Western News – စက်တင်ဘာ ၁ ရက်

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသော အမှုအချို့ကို ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း သြဂုတ် ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ကောင်စီ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

မြို့နယ်အလိုက်တရားစွဲဆိုထားသည့် အကြမ်းဖက်အမှုများမှ အချို့ကိုရုပ်သိမ်းရန်ညွှန်ကြားထားပြီး အမှုများကို ဥပဒေနှင့်အညီရုပ် သိမ်းရန်နှင့် ယခုကဲ့သို့ပြုလုပ်ခြင်းမှာ ငြိမ်းချမ်းရေးကိုရှေးရှု၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဥပဒေချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

အမှုများကိုရုပ်သိမ်းရန် မြန်မာစစ်တပ်ဘက်မှ အကြောင်းကြားလာ ခြင်းဖြစ်ပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် ဘသက်ဆိုင်ရာများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ဖော်ပြသည်။အဆိုပါအမှုရုပ်သိမ်းမှုတွင် ရခိုင်တွင် အကြမ်းဖက်ဖြင့်စွဲဆိုခံထားရသည့် အမှုများထဲမှ အမှု ၁၄ မှုနှင့် လူအရေတွက်အားဖြင့် ၃၅ ဦးပါဝင်ပြီး အမှုများမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ စစ်တွေ၊ အမ်းနှင့် ကျောက်ဖြူမြို့နယ်များမှ ဖြစ်သည်။ယခင်အကြမ်းဖက်ဖြင့်စွဲဆိုခံထားရသူများထဲမှ စစ်တွေခရိုင်မှ ၁၄ ဦး မြောက်ဦးခရိုင်မှ ၆ ဦးတို့ လွတ်မြောက်မှူရှိခဲ့ပြီး ကျန်စွဲဆိုခံလူများမှာ လက်ရှိချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖြင့်တရားစွဲဆိုခံထားရသူများထဲမှ စုစုပေါင်း ၂၀ ဦးသာလွတ်မြောက်သေးပြီး ၁၅၂ ဦးကျန်နေသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အဖွဲ့၏ အချက်လက်များအရ သိရသည်။

ရက္ခိုင့်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့အဖြစ် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်ကြေညာပြီးနောက် AA နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့်တရားစွဲဆိုခံရမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် AA ကိုအကြမ်းဖက်မှပြန်လည်ရုပ်သိမ်းပြီးချိန်တွင်လည်း အကြမ်းဖက်ဖြင့်စွဲဆို ခံထားရသူများမှာ လွတ်မြောက်ခြင်းမရှိဘဲ ရုံးချိန်းမြောက်မြားစွာချိန်းဆိုခံရကာ တရားရင်ဆိုင်နေကြရပြီး ယခု ဩဂုတ်လ ၃၁ ရက်နေ့တွင်မှ ငြိမ်းချမ်းရေးကိုရှေးရှု၍ အမှုအချို့အား လွှတ်ပေးရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်ကောင်စီက ထုတ်ပြန်လာခြင်းဖြစ်သည်။

Western News -WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်