Mraybon tsp
test1

မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ရေလုပ်သားများကို ငါးဖမ်းမထွက်ရန် စစ်တပ်က တားမြစ်


Western News – စက်တင်ဘာလ ၁ ရက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာအတွင်းမှ ရေလုပ်သားများကို ပင်လယ်သို့ တစ်ပတ်ကြာ ငါးဖမ်းမထွက်ကြရန် ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်တပ်က လာရောက်တားမြစ်သွားကြောင်းသိရသည်။

ငါးဖမ်းမထွက်ရ ကာလမှာ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်နေ့ထိဖြစ်ပြီး မြေပုံမြို့၊ ခလရ ၂၇၀ တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူများက နေအိမ်သို့ လာရောက်ပြောဆိုသွားခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

စတင်တားမြစ်ကာလအတွင်း ငါးဖမ်းထွက်၍ တစ်စုံတရာဖြစ်ပွားခဲ့လျှင်လည်း တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ယင်းကာလ အတွင်း ပင်လယ်ထဲတွင် စစ်သင်္ဘောများနှင့် စစ်လေယာဉ်များရှိမည်ဟု ပြောဆိုသွားကြောင်း ကျွန်းသာယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဖော်သူ က Western News ကိုပြောသည်။

“သူတို့ကတော့ ၂၇၀ တပ်ကလို့ပြောတယ်။ သုံးပွင့်နဲ့တယောက်ပါတယ်။ နှစ်ပွင့်နဲ့တယောက်ပါတယ်။ ပြီးတော့ အမြောက်တပ် ကတယောက်ပါတယ်။ တားမြစ်တာကတော့ ကျွန်းသာယာတရွာတည်းပါပဲ။ သူတို့ပြောတာ ကတော့ ပင်လယ်ထဲမှာ စစ်သင်္ဘောတွေရှိမယ်။ ပြီးတော့ စစ်လေယာဉ်တွေရှိမယ်လို့ပြောတယ်။ အဲ့ဒီအတွင်းမှာ ပင်လယ်ပြင်ကိုထွက်လို့ တခုခုဖြစ်ခဲ့ရင် သူတို့က တာဝန်မယူဘူးလို့လဲပြောသွားတယ်” ဟုပြောသည်။

ကျွန်းသာယာ၊ ပြင်ဝန်းနှင့် ငပသုန်ကျေးရွာတို့မှာ ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်နေသည့် ကျေးရွာများ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

မြေပုံမြိုနယ်၊ ကျွန်းသာယာ၊ ပြင်ဝန်းနှင့် ငပသုန်ကျေးရွာတို့တွင် ငါးဖမ်းစက်လှေ ၆၀၀ ခန့်ရှိပြီး စစ်တပ်က ယခုလိုတားမြစ်ထားလျှင် စားဝတ်နေရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ငပသုန်ကျေးရွာမှ ငါး၊ ပုစွန်လုပ်ငန်းရှင် ဦးမောင်လှရွှေ က ပြောသည်။

“ဒီလို တားမြစ်ထားတယ်ဆိုတော့ စားဝတ်နေရေးကခက်ခဲလာမယ်။ သူတို့ကလည်း တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေ ဖြစ်တယ်။ ရွာသုံးရွာပေါင်း လှေအရေအတွက်က ၆၀၀ လောက်ရှိမယ်။ ကျနော်တို့ရွာကိုတော့ မတားဘူး။ ဒါပေမယ့် ကြောက်တဲ့သူတွေက ငါးရှာမထွက်ဘူးပေါ့။ တချို့ကျတော့လည်း ငါးရှာထွက်သွား ကြတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦး အား ဆက်သွယ်ရာတွင် စစ်တပ်က တားမြစ်သည့် အကြောင်းကို သူ့အနေဖြင့် သိရှိမှုမရှိကြောင်း ပြောသည်။ ယင်းအပြင် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာ၏ အနောက်ဖက်ကျေးရွာအစပ် တောင်ကုန်းတွင် အမြောက်တပ်နှင့် ခြေလျင်တပ်ရင်း ခလရ ၂၇၀ တို့အထိုင်ချ တပ်စွဲထားသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ပွဲ#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်