test1

တပ်မတော်အနေဖြင့် ကျောင်းသားများကို ဖမ်းဆီး နှိပ်စက်ခြင်းသည် အကျည်းတန် အရုပ်ဆိုးသည်ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂဆို


Western News- ထွန်းလှ
ဒီဇင်ဘာ၂၅ ရက်၊

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝေကျးရွာမှ ဆယ်တန်းကျောင်းသားတစ်ဦးကို ဒီဇင်ဘာ ၂၂ ရက်နေ့က တပ်မတော်သားတစ်ချို့မှ ဖမ်းဆီးရိုက်နှက်ခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ယင်းကိစ္စအပေါ် ရက္ခိုင့်ပြည် ကျောင်းသား သမဂ္ဂမှ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။

အပေါက်ဝကျေးရွာမှ ဆယ်တန်းကျောင်းသား မောင်အောင်နေဝင်းကို ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ အလွန် အကျဉ်းတန်အရုပ်ဆိုးကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှပြောဆိုလိုက်သည်။

ဒါတွေက ဥပေဒမဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်၊ သြဂုတ်လတုန်းကလည်း အမ်းမြို့နယ်က ကျောက်ဖြူပညာ ရေးကောလိပ်မှာတက်နေတဲ့ ကျောင်းသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တာတွေရှိတယ်။ နောက်ပြီး လက်နက်ကြီးတွေနဲ့မဆင်မခြင်ပစ်ခက်လို့ အသက်ဆုံးရှုံး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကျောင်းသားတွေလည်းရှိတယ်။ ဒီလို ကျောင်းသားကို မတရား ဖမ်းဆီးနှိပ်စက်ခြင်းက နိုင်ငံတော် တပ်မတော် တစ်ရပ်အနေနဲ့ တော်တော် အကျဉ်းတန်အရုပ်ဆိုးလွန်းတယ်”

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်း

NLD အစိုးရအနေဖြင့် ကျောင်းသားပြည်သူများ မတရားဖမ်းဆီးနှိပ်စက်ခံရခြင်းများကို လျစ်လျူရှု့နေခြင်းသည် အစိုးရတစ်ရပ်၏ အခြေခံတာဝန်ဝတ္တရားများကို ပျက်ကွက်ခြင်းဖြစ်ကြောင်းနှင့် အစိုးရစံနှုန်းများနှင့်မ ကိုက်ညီသည့် အစိုးရတစ်ရပ်သာဖြစ်သည်ဟု ကိုခိုင်စိုးလင်းကဝေဖန်ပြောဆိုသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ကို Western News က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းဖုန်းဆက်သွယ်ရာတွင် “တပ်ကသူတွေကဘယ်မှမသွားဘူး။ သူ့စခန်းမှာသူနေတာ ဘယ်လိုလုပ်ပြီးတော့ အကြမ်းဖက်မှာတုန်း” ဟု ပြန်လည်ဖြေဆိုသည်။

ပြီးခဲ့သော သြဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပျဉ်းတောကျေးရွာ တက္ကသိုလ်ကျောင်းသားတစ်ဦးကို တပ်မတော်သားများက ဝိုင်းဝန်းရိုက်နှက်မှုကြောင့်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလူငယ်မှာ ကျောက်ဖြူပညာရေးကောလိပ်၊ ဝိဇ္ဇာတန်းခွဲတွင်တက်ရောက်နေသည့် မောင်ညီညီစိုးဆိုသူဖြစ်ပြီး အခင်းဖြစ် သည့်နေ့က မိဘများနှင့် စကားကြရာမှ နေအိမ်မှထွက်လာကာ ခမရ -၇၅၇ တပ်မအနီးရှိ ဟင်းရွက်ရေလှောင်တမံဘောင်တွင် ထိုင်နေစဉ်အရပ်ဝတ်နှင့် တပ်မတော်သား ၃ ဦးတို့က ရောက်ရှိလာကာ ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

ညီညီစိုးရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး ပထမတစ်ကြိမ်တွင် ဆေးဝါးကုသရန်အတွက် ငွေကျပ် ၃၀၀၀၀ ပေးခဲ့ကြောင်း၊ နောက်ထပ် တစ်ကြိမ်တွင်လည်း မောင်ညီညီစိုးနှင့် မိဘများ၊ ရပ်မိ၊ ရပ်ဖများအားတွေ့ဆုံ၍ တောင်းပန်စကားပြောကြားကာ ငွေကျပ် ၃ သိန်း ပေးကာ ကျေအေးရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်းလည်း မောင်မောင်စိုးက ပြောသည်။

မောင်ညီညီစိုးအား ကိုထိလက်ရောက်ကျူး လွန်မိသည့်စစ်သည်အား စစ်စည်းကမ်းနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက် သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သြဂုတ်လ ၃၁ ရက်နေ့တွင်သတင်းထုတ်ပြန်ထားခဲ့သော်လည်းမည်သို့ အရေးယူဆောင်ရွက်ခဲ့သည်ကိုမတွေ့ရပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်မှ AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူ ၂၆၉ ဦးရှိသည့်အပြင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်အထိ ၂ နှစ် နီးပါးကြာ ဖြစ်ပွားခဲ့သောစစ်ရေးပဋိပက္ခအတွင်း သံသယဖြင့်ဖမ်းဆီးခံရပြီး စစ်ကြောရေးအတွင်း သေဆုံးသွားသူ ၂၃ ဦးရှိသည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်