Humanrightabuse
test1

လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ်၍ တရားစွဲဆိုခံရခြင်းက မြန်မာနိုင်ငံတွင် တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းပျက်စီးနေခြင်းကို ပေါ်လွင်သည်ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဥက္ကဌဆို


Western News- ထွန်းလှ
ဒီဇင်ဘာ ၃၀ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့၌ လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့သဖြင့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်(RYNG) မှ ဥက္ကဌ ကိုသန်းလှ (ခေါ်) ကိုမင်းဘာချေ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ကို စစ်တွေမြို့နယ် ရဲမှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ (က) ဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့က တရားစွဲဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆိုသောအားဖြင့် လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့၍ တရားစွဲဆိုခံရခြင်းက မြန်မာနိုင်ငံတွင် တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းပျက်စီးနေခြင်းကို ပေါ်လွင်စေကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဥက္ကဌ ကိုသန်းလှ (ခေါ်) ကိုမင်းဘာချေက ဒီဇင်ဘာ ၃၀ ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းတွင် ပြောသည်။

ကျွန်တော်တို့ကဆန္ဒပြတာလည်းမဟုတ်ဘူး၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝေဖန်ပုတ်ခတ်ပြောဆိုခဲ့တာ လည်းမရှိဘူး။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုခဲ့တာသာဖြစ်တယ်။ ဒါကို ရဲကတရားစွဲတာကို ဥပဒေရုံးကလက်ခံတယ်ဆိုတော့ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ၏တရားစီရင်ရေး၊ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်သည် ဘယ်လောက်ထိယိုယွင်းဖျက်စီး နေတယ်ဆိုတာ ပေါ်လွင်သွားတာပေါ့

ဥက္ကဌ ကိုသန်းလှ (ခေါ်) ကိုမင်းဘာချေ

ယင်းအပြင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အသိအမှတ်ပြုလေးစားခြင်းမရှိသည့်အပြင် တရားစွဲဆိုအရေးယူမှုများ ပြုလုပ်နေခြင်းသည် အစိုးရကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုကိုအားပေးနေသည်ဟုထင်မြင်ကြောင်း ကိုသန်းလှက ၎င်း၏ အမြင်ကိုပြောသည်။

ယင်းကဲ့သို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် ဥပ‌ဒေများစွာ ရှိနေသေးကြောင်းနှင့် အစိုးရအာဏာရှိသူများက တရားဥပ‌ဒေကို အလွဲသုံးစားလုပ်နေကြကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် မချယ်ရီဇာဟောင် ကထောက်ပြပြောဆိုသည်။

ကျွန်မတို့ မြန်မာနိုင်ငံမှာက ဖမ်းချင်ရင် ကိုယ့်အိမ်မှာကိုယ် ထမင်းချက်နေရင်လည်း ဖမ်းဆီးလို့ရတဲ့ ဥပဒေတွေရှိတယ်၊ ကိုယ့်လယ်ကိုယ်သွားတာတောင်မှ ဖမ်းလို့ရတဲ့ဥပဒေတွေရှိတယ်၊ ပြောချင်တာက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ ဥပ‌ဒေတွေအများကြီးရှိတယ်။ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူပဲဖြစ်ဖြစ်၊ မလှုပ်ရှားတဲ့သူပဲဖြစ်ဖြစ် သူတို့ဖမ်းချင်ရင်တော့ ပုဒ်မတစ်ခုခုတပ်ပြီး ဖမ်းဆီးလေ့ရှိတယ်၊ ဆိုလိုတာက အစိုးရ အာဏာပိုင်တွေက သူတို့မကြိုက်တဲ့သူတွေကို ဖမ်းဆီးဖို့အတွက် လျာထားတဲ့ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဥပဒေတွေ အများကြီးရှိနေတယ်၊ နောက်တစ်ခုက ရှိတဲ့ဥပ‌ဒေတွေကို သုံးရမယ့်နေရာမှာ မသုံးဘဲနဲ့ သူတို့မကြိုက်တဲ့သူတွေဆီမှာ ဥပဒေကို အလွဲသုံးစားလုပ်တဲ့ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေသေးတယ်

မချယ်ရီဇာဟောင်

ယင်းအပြင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းကို လူ့အခွင့်အရေးကို မလေးစားသည့် နိုင်ငံများရှိ အစိုးရများက လုပ်လေ့လုပ်ထရှိကြောင်းနှင့် ယင်းကဲ့သို ဖမ်းဆီးလိုက်ခြင်းက တစ်ခြားလူ့အခွင့်အရေးလှုပ်ရှားသူများကို လူ့အခွင့်အရေးလှုပ်ရှားမှုများ မလုပ်ရဲအောင် နာမူနာပြလိုက်သည့် သဘောလည်းဖြစ်ကြောင်း မချယ်ရီဇာဟောင် ကပြောသည်။

လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်ခံလက်မှတ်ရေးထိုးထားသည့်နိုင်ငံတွင် လူ့အခွင့်အရေးလှုပ် ရှားမှုပြုလုပ်သည့်အတွက် တရားစွဲဆိုခံရခြင်းကို အလွန်စိတ်မကောင်းဖြစ်မိသည်ဟု အဆိုလှုပ်ရှားမှုတွင်ပါဝင်၍ တရားစွဲဆိုခံရသူ မခိုင်မြတ်သူကပြောသည်။

မြန်မာနိုင်ငံဆိုတာ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်ခံပြီးသားနိုင်ငံတစ်နိုင်ငံဖြစ်တယ်၊ ကျွန်မတို့က ဆန္ဒပြတာလည်း မဟုတ်ဘူး၊ လူဦးရေအနေနဲ့လည်း ပုံမှန်လမ်းလျောက်တဲ့လူဦးရေထက် မပိုတဲ့သူတွေနဲ့ ကျွန်မတို့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်တယ်။ လူ့အခွင့်အရေး တန်ဖိုးထားလေးစားတဲ့ပြည်သူတွေကို အစိုးရအနေနဲ့အသိအမှတ်ပြုလက်ခံရမယ့်အစား ခုလိုတရားစွဲဆိုတဲ့အပေါ်မှာ လူငယ်တစ်ယောက်အနေနဲ့ရော၊ အမျိုးသမီးတစ်ယောက်အနေနဲ့ရော အရမ်းစိတ်မကောင်းဖြစ်ရပါတယ်

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကိုကြိုဆိုသောအားဖြင့် ရခိုင်လူငယ် ၃၀ ခန့်က စစ်တွေမြို့တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့်ဆက်စပ်သည့် စာတန်းများပါ ဗွီနိုင်း ပိုစတာများနှင့် ငြိမ်းချမ်းရေး အမှတ်တံဆိပ်ပါ အလံများကိုင်ဆောင်ပြီး ကား၊ ဆိုင်ကယ်များဖြင့်လှည့်လည်ကာ လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းနေ့တွင် ရဲတပ်ဖွဲ့က ဦးဆောင်လူငယ်များကိုဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ (က) ဖြင့်တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်