တပ်မတော်သားများ
test1

ရခိုင်တွင် တပ်မတော်က ရဲစခန်းများနှင့် ဘာသာရေး အဆောက်အဦးများ၌ နေရာ ယူထားသည်မှာ တစ်နှစ်ကျော် ကြာရှိနေ


Western News – အောင်စိုး
ဒီဇင်ဘာလ ၃၀ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာရှိ ရဲစခန်း၌ တပ်မတော်ကဝင်ရောက် နေရာယူထားသည်မှာတစ်နှစ် ကျော်ကြာမြင့်နေပြီဖြစ်သလို မင်းပြားကျိန်းတောင်၊ သင်းကျိစ်တော်ဘုရားနှင့် ကျောက်တော်တောင် စေတီတို့တည်ရှိသော အဆောက်အဦးများတွင်လည်း ဆက်လက်နေရာယူထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အလားတူ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာရှိ ရွာသစ်ဘုန်းတော်ကြီးကျောင်း၊ အ.ထ.က စာသင်ကျောင်းနှင့် တိမ်ညိုရဲစခန်းတို့၌ ခြေမြန်တပ်ရင်း တပ်မ ၄၄ မှတပ်မတော်သားများက ဝင်ရောက်နေရာယူထား သည်မှာတစ်နှစ်နီးပါးရှိနေပြီဖြစ်သည်ဟု ရွာသစ်ဘုန်းတော်ကြီးကျောင်းမှဆရာတော်ကမိန့်သည်။

ဆရာတော်တို့ရွာကို တပ်မတော်သားတွေကအခုနှစ်ဇွန်နဝါရီလကတည်းက ဝင်လာပြီးတော့ ရဲစခန်း၊စာသင် ကျောင်းနဲ့ဘုန်း တော်ကြီးကျောင်းတွေမှာနေရာယူထားတာ အခုအချိန်ထိပါ

ရွာသစ်ဘုန်းတော်ကြီးကျောင်းမှဆရာတော်

ယခုလိုဘုန်းတော်ကြီးကျောင်း၌ တပ်မတော်သားများကနေရာယူထားသဖြင့် မိမိအပေါ်အန္တရာယ်တစ်စုံတစ်ရာ ဖြစ်လာမည်ကိုစိုးရိမ်ကာ တစ်ခြားဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေထိုင်နေရကြောင်း ဆရာတော်ကမိန့် သည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ဘာသာရေး အဆောက်အဦးများ၊ ရဲစခန်းများ၌ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

မြောင်းဘွေကျေးရွာရှိ ရဲစခန်း၌တပ်မတော်သားများဝင်ရောက်နေထိုင်ခြင်းနှင့်ပတ်သက်၍အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက “ကျွန်တော်တို့ရွာရဲ့ရဲ စခန်းမှာ တပ်မတော်သားတွေက ၂၀၁၉ ခုနှစ်ကတည်းကဝင် ရောက်နေရာယူထားကြတာ။ ဘယ်တပ်ရင်း ကလည်းတော့မသိဘူး။ ဒီလိုရဲစခန်းတွေမှာတပ် ကနေရာယူထား တဲ့အတွက် ဒေသခံတွေက တစ်ခုခုဖြစ်ကြမှာ ကိုကြောက်လန့်လို့ နေကြရတယ်။”ဟု ပြောသည်။

ရခိုင်တွင်သမိုင်းဝင်သာသနိကအဆောက်အဦးတစ်ခုဖြစ်သည့် မင်းပြားကျိန်းတောင်၌ တပ်မတော်က တစ်နှစ်ကျော် ကြာနေရာယူထား၍ ဒေသခံများဘုရားဖူးသွားလာခွင့်ကိုဆုံးရှုံးနေရသဖြင့် ၎င်းနေရာမှအမြန်ဆုံး ဖယ်ရှားပေးစေ လိုကြောင်း မင်းပြားမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောသည်။

တပ်မတော်ကကျိန်းတောင်ထက်မှာ နေရာယူထားတာတစ်နှစ်ကျော်သွားပြီ။ အခုဆိုရင်ပွင့်လင်း တဲ့ရာသီရောက် လာတဲ့အတွက် ဘုရားဖူးခရီးသည်များမှာ ထင်းရှားတဲ့ဘုရားတွေကိုသွား ရောက်ဖူးမျှော် နေကြတဲ့ အချိန်ဖြစ်တယ်။ ကျိန်းတောင်ဘုရားကို အခုချိန်ထိတစ်ယောက်မှတက်ခွင့်မပေးဘူး။ ဒီတော့ ဒေသခံတွေရဲ့ဘုရားဖူးသွား လာခွင့်ကိုဆုံးရှုံးနေရတယ်

ဦးလှသိန်းအောင်

ယင်းအပြင် လွှတ်တော်ထဲ၌ ဗုဒ္ဓသာသနိကအဆောက်အဦးတည်ရှိသော တောင်ကုန်းများတွင် လက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် စခန်းမချရန် အဆိုတင်သွင်းခဲ့မှုများရှိခဲ့သော်လည်း ယနေ့အချိန်ထိ၎င်းအဆိုနှင့် ပတ်သက်၍ အစိုးရဖက်မှတစ်စုံ တစ်ရာ အကြောင်းပြန် လာခြင်းမျိုးမတွေ့ရှိရကြောင်း ဦးလှသိန်းအောင် ကပြောသည်။

တပ်မတော်သားများက သာသနိကအဆောက်အဦးများပေါ်တွင် နေရာယူထားမှုများရှိသည်ဟု ဒေသခံများ၏ ပြောပြချက်များနှင့် ပတ်သက်၍မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွန်းသိန်းက “ ဒီမှာသာသနိကအဆောက် အဦးတွေမှာနေရာယူထားတာတော့ သကျမာန်အောင်ဘုရားကိုဝင်တဲ့လမ်းမှာ ညာဖက်အခြမ်းမှာနေရာယူထား တာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်ဒီကိုရောက်လို့ သုံးလလေးလအတွင်းမှာတော့ ဖယ်လိုက်ပြီ။ ထပ်ပြီးတော့ မရှိအောင်ပေါ့။ မနေကတော့ ဋ္ဌာနဆိုင်ရာအစည်းအဝေးမှာတောင် ကျွန်တော်ပြောလိုက်သေးတယ်။ အခုလော လောဆယ်တော့ ဒုတိယညွှန်ကြားရေးမှူးရှိတာပေါ့။ သူနဲ့ပဲကျွန်တော်တို့ ခရိုင်အဆင့်ဋ္ဌာ နတွေဝိုင်းပြီးတော့ပြုလုပ်ပေး နေကြတာပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့/ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့နဲ့လည်း ဝိုင်းပြီးတော့ပြုလုပ် ပေးနေကြတယ်။ သာသနိကအဆောက်အဦးတွေပေါ်မှာနေရာမယူကြရအောင်။ ကျွန်တော်တို့က ဒီအဆောက်အဦးတွေပေါ်မှာ မရှိအောင်တော့လုပ်ထားတယ်။ အခုတော့ဘယ် လောက်ရှိလည်းဆိုတာ အတိကျမပြောနိုင်သေးဘူး”ဟု ပြောသည်။

တပ်မတော်သားများအနေဖြင့် သာသနိကအဆောက်အဦးများပေါ်တွင် နေရာယူထားမှုများမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းပွဲတစ်ခုတွင်ပြောဆို ခဲ့သည်။

လက်ရှိအချိန်ကာလတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများရပ်တန့်နေသဖြင့် ဒေသခံပြည်သူများမှာ ထင်ရှားကျော်ကြားသည့် ဘုရားများသို့သွားရောက်ဖူးမျှော်နေကြသည်များလည်းရှိသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်