test1

ဖမ်းဆီးထိန်းသိမ်းခံ NLD ပါတီဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်တွန်း


Western News – ထွန်းလှ
ဒီဇင် ၃၀ ရက်

၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီးထိန်းသိမ်းထားသော တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့အား အမြန်ဆုံးပြန်လွှတ်ပေးရန် အနူးအညွတ် တိုက်တွန်းနှိုးဆော်ကြောင်း ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီဇင်ဘာ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

အဆိုပါထုတ်ပြန်ချက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ မိသားစုဝင်များ အလွန်စိုးရိမ်သောက ရောက်လျက်ရှိကြောင်းနှင့် NLD ပါတီမှ “နောက်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဟူသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီများသို့ ကမ်းလှမ်းချက်ကို ရခိုင်အမျိုးသားပါတီနှင့် အရှိုချင်းအမျိုးသားပါတီတို့မှ NLD ပါတီသို့ ပြန်လည်၍သဘောထားပြန်ကြားခဲ့ပြီးဖြစ်ကြောင်း ရေးသားပါရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အချိန်အခါကောင်းဖြစ်ကြောင်းနှင့် AA အဖွဲ့အနေဖြင့် ယင်းအခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွှတ် ဆုံးရှုံးမခံဘဲ လွှတ်တော်ကိုယ် စားလှယ်လောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အမြန်ဆုံးပြန်လွှတ် ပေးခြင်းသည် “နောက်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” အတွက် များစွာအကျိုးဖြစ်မည်ဟု ယုံကြည်ကြောင်းကိုလည်း ထုတ်ပြန်ရေးသားသည်။

တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျွန်းသို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကိုဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် NLD အစိုးရ အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သည့် ကျောင်းသားများအားခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း ဖမ်းဆီးထားသည့် ကိုယ်စားလှယ်လောင်း ၃ ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

Western News- WN


ဆက်စပ်စကားလုံများ : #NLD
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်