Rakhine economy
test1

ရခိုင်တွင် ဆောင်းသီးနှံလောက်သာ စိုက်ပျိုးမှုရှိ


Western News

ရခိုင်ပြည်နယ်တွင် အသီးအနှံများကို ဆောင်းရာသီ၌ လောက်သာစိုက်ပျိုးမှုရှိပြီး ကျန်ရာသီများတွင် မိုးများကာ ရေရှားပါးသည့်အခြေနေများကြောင့် စိုက်ပျိုးမှုမပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးလုပ်ကိုင်နေသူများမှ ပြောသည်။

ဂေါ်ဖီထုတ်မှာ ဈေးကွက်ထဲတွင် ရာသီတိုင်းရှိနေသော်လည်း ရခိုင်ပြည်တွင် အောက်တိုဘာလမှ ဒီဇင်ဘာလ အတွင်းတွင်သာ ဂေါ်ဖီစိုက်ပျိုးမှုရှိပြီး ကျန်ရာသီများတွင် မိုးများသောကြောင့် စိုက်ပျိုး၍ မရနိုင်ကြောင်း မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာမှ ဦးစံသိန်းကပြောသည်။

“ဂေါ်ဖီထုတ်ကို ကျနော်တို့က ပျိုးပင်တွေပျိုးပြီး သတင်းကျွတ်လဆန်းလောက်မှာစစိုက်တယ်။ ၄၅ ရက်လောက် ဆိုရင် စခူးလို့ရပြီ။ အဲဒီတစ်ရာသီပြီးသွားရင် ထပ်ပြီးစိုက်ကြတာလည်းရှိတယ်။ ဒီမှာစိုက်ပျိုး တာကတော့ ရာသီအတိုင်းတာတစ်ခုအတွင်းမှာပဲစိုက်ကြတယ်။ ဘာလို့ဆိုတော့ မိုးများတယ်လေ။ နွေခေါင်မှာဆို လည်း ရေအရမ်းရှားသွားပြီဆိုတော့ အဆင်ပြေနိုင်တဲ့ရာသီလေးပဲ စိုက်ပျိုးကြရတာပေါ့။ ဂေါ်ဖီကတော့ ရာသီတိုင်းဈေးထဲမှာရှိတယ်။ ထိုင်းပျိုးတွေပေါ့။ သူတို့ဖက်မှာက မိုးနည်းတော့ စိုက်လို့ဖြစ်တယ်လေ” ဟုပြောသည်။

ဒေသတွင်းဂေါ်ဖီပေါ်ချိန်၌ဆိုလျှင် ဂေါ်ဖီများဈေးကောင်းမရကြောင်း တစ်ဖူးကို ၂၀ ခန့်အထိပင်ဈေးကျသည့် အချိန်များရှိပြီး ဤသို့ဖြစ်ခြင်းမှာ ထုတ်လုပ်မှုနှင့် စားသုံးသူတို့မျှတမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း သူကဆက် ပြောသည်။

တစ်ရာသီစိုက်ပျိုးခြင်းမှာပင် မိုးလေတို့ကြောင့် အပျက်အစီးများရှိပြီး အရှုံးပေါ်ကြောင်း ဆယ့်နှစ်ရာသီလုံးစိုက် ပျိုးလျှင်ရနိုင်သော်လည်း ဖြစ်ထွန်းရန်မသေချာ၍ စိုက်ပျိုးမှုမပြုလုပ်ကြခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ကျီရာပြင် ကျေးရွာမှ ရာသီပေါ်ငရုပ်စိုက်ပျိုးသူ ဒေါ်စိန်နုယဉ်ကပြောသည်။

“ငရုပ်ကကျတော့ တန်ဆောင်မုန်း၊ နတ်တော်လတွေမှာ စစိုက်တယ်။ ရိတ်သိမ်းတာကတော့ တပို့တွဲ၊ တပေါင်းလ တွေမှာ စရိတ်သိမ်းပြီ။ ဒေသငရုပ်ကတော့ အဲ့အချိန်လောက်မှာပဲရတယ်။ ကျန်တဲ့အချိန်တွေဆို ကျောက်စိမ်းငရုပ်တွေ ပြည်မဖက်ကလာတဲ့ဟာတွေ ရောင်းဝယ်ကြရတာပေါ့။ ကျောက်စိမ်းငရုပ်က ဒီမှာ စိုက်ရင်တော့ရမှာပါ။ ဒါပေမယ့် မိုးများတယ်လေ။ တစ်ရာသီတောင်မှ ဖြစ်ချင်မှဖြစ်တာ။ မိုးလေ ကြီးတာတွေနဲ့ ကြုံရင် အခင်းတွေပျက်စီးပြီး အရှုံးပေါ်တာတွေလည်းမနည်းဘူး။ ချောင်းဖျားဘက်တွေမှာ စိုက်တာတွေတော့ ရှိတယ် သိပ်မဖြစ်ဘူးလို့ကြားတယ်” ဟုဆိုသည်။

မိုးများခြင်း၊ ရေရှားပါးခြင်း စသည့်မိရိုးဖလာအတွေးအခေါ်များနှင့် နည်းပညာ၊ အရင်းအနှီးတို့ကြောင့် ရာသီတိုင်း စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိခြင်းဖြစ်ကြောင်း ယခုအခြေနေမှာ ပြည်မဘက်မှ ဆယ့်နှစ်ရာသီလုံးဝယ်ယူစား သောက်နေရသည့်အခြေနေတွင်ရှိနေပြီး ဆောင်းသီးနှံများကို နွေရာသီတွင်လည်းရရှိနိုင်အောင် စိုက်ပျိုးရန်လို အပ်ကြောင်း Blue Ocean Investment ကုမ္ပဏီ၏ CEO လည်းဖြစ် We Love Rakhine ၏ဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်းထွန်းနိုင်ကပြောသည်။

ရခိုင်တွင် သီးနှံများကို ဆောင်းရာသီတွင်း၌ စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ကျန်ရာသီများတွင် ပြည်မဖက်မှတို့မှသာ ဝယ်ယူစားသောက်ကြရပြီး ဈေးနှုန်းများလည်း မြင့်မားစွာပေးဝယ်ကြရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်