Western News
ယခင်ထက်ဈေးနှုန်းမြင့်မားနေသည့် စက်သုံးဆီဈေးနှုန်းများမှာ ယခုထပ်မံမြင့်တက်သွားကြောင်း စက်သုံးဆီ ရောင်းချနေသူများကပြောသည်။
စက်တင်ဘာလလယ်လောက်အထိ စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် တစ်လီတာကို ၁၂၅၅ ကျပ်၊ ပရီမီယမ် တစ်လီတာကို ၁၁၇၀ ကျပ်၊ နိုင်တီတူး တစ်လီတာကို ၁၂၀၀ ကျပ်၊ နိုင်တီဖိုင်း တစ်လီတာကို ၁၂၇၅ ကျပ် ရှိခဲ့ပြီး ယခုစက်တင်ဘာလ နောက်ဆုံးအပါတ်ထဲ၌ ဈေးထပ်မြင့်သွားခြင်းဖြစ်ကြောင်း စစ်တွေမြို့တွင်စက်သုံးဆီရောင်း ချနေသည့် ကျော်ဇံ စက်သုံးဆီအရောင်းဆိုင်မှပြောသည်။
ဈေးနှုန်းများမှာ တစ်ရက်နှင့် တစ်ရက်အပြောင်းအလဲရှိကြောင်း လက်ရှိရောင်ဈေးမှာ ပရီမီယမ် တစ်လီတာကို ၁၂၀၉ ကျပ်၊ ဒီဇယ် တစ်လီတာကို ၁၂၀၂ ကျပ်၊ နိုင်တီတူး တစ်လီတာကို ၁၂၁၂ ကျပ်နှင့် နိုင်တီဖိုင်း တစ်လီတာကို ၁၄၄၀ ကျပ်ရှိကြောင်း ၎င်းအရောင်းဆိုင်မှ သိရသည်။
စက်သုံးဆီဆိုင်ကြီးများတွင်သာ ဖော်ပြပါဈေးနှုန်းဖြင့်ရရှိခြင်းဖြစ်ပြီး တစ်ခြားမြို့ထဲ၌ တစ်နိုင်တစ်ပိုင်ရောင်းချ နေသူများထံမှဝယ်လျှင် ဈေးနှုန်းပိုကုန်ကျခံရကြောင်း စစ်တွေမြို့ခံတစ်ဦးဖြစ်သည့် ကိုကျော်ဇံလှ မှပြောသည်။
“ဆီဈေးက အရင်ဈေးထက်ပိုတက်သွားပြီ။ အရင် မြို့ထဲ ၁၄၀၀ နဲ့ဝယ်နေကျက မနက်က ဆိုင်ကယ်ဆီဖြည့်တော့ ၁၅၀၀ ဖြစ်သွားပြီတဲ့။ ဆီ ၁ လီတာဆိုတာ ဘလောက်မှ သွားလာလို့ရတဲ့ပမာဏမျိုးမဟုတ်ဘူး။ ဆီဆိုင်ကြီးတွေ မှာတော့ ဒီထက်လျော့တဲ့ဈေးနဲ့ရနိုင်တာပေါ့ ဒါပေမယ့် မြို့အပြင်ဘက်ကို အမြဲဆီသွားဖြည့်ဖို့ဆိုတာကလည်း လွယ်တာမဟုတ်ဘူးလေ။ ဒီထက်ပိုတက်လာရင်တော့ တစ်လတစ်လ ဆီဖိုးစိုက်ထုတ်ရင်းပဲ ဝင်ငွေကဘာမှကျန် တော့မှာမဟုတ်ဘူး” ဟုပြောသည်။
စက်သုံးဆီဈေးနှုန်းများမှာ ဖေဖော်ရီလမတိုင်မီအချိန်ထိ နိုင်တီတူး တစ်လီတာကို ၁၀၀၀ ကျပ်နီးပါခန့်သာရှိခဲ့ပြီး ဖေဖော်ဝါရီလပထမပတ်လောက်မှစ၍ ဈေးနှုန်းများဆက်တိုက်မြင့်တက်လာနေခြင်းဖြစ်ကာ စက်သုံးဆီနှင့် ဆက်စပ်ထုတ်လုပ်သည့် ကုန်ပစ္စည်းများလည်း ဈေးနှုန်းဆက်တိုက်မြင့်တက်လျက်ရှိသည်။
Western News- WN