test1

တင်းမကိစ္စစုံစမ်းစစ်ဆေးနေသော ခရိုင်ရဲတပ်ဖွဲ့အနေဖြင့်မှန်ကန်စွာဆောင်ရွက်စေလိုကြောင်း ဖမ်းဆီးခံမိသားစု ဝင်များဆို


Western News – အောင်စိုး
ဒီဇင်ဘာလ ၃၁ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ရွာသား ၂၁ ဦးကိုဖမ်းဆီးသွားသည်မှာ ၁၀ လကြာမြင့်နေ ပြီဖြစ်ကြောင်းနှင့် ၎င်းကိစ္စအားစုံစမ်းစစ်ဆေးနေသည့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ အနေဖြင့်မှန်ကန်စွာ ဖော်ထုတ်ပေးစေလိုကြောင်း ဖမ်းဆီးခံမိသားစုဝင်များကပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တပ်မ ၅၅ မှဖမ်းဆီးသွားသည့် တင်းမကျေးရွာသား ၂၁ ဦးနှင့် ပတ်သက်၍ မိသားစုဝင်များကိုမြောက်ဦး ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ရာ၌ ၎င်းတို့လိုရာကိုသာ မေးမြန်းမှုများပြု လုပ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးခံရန် သက်သေအဖြစ် သွားရောက်ခဲ့သည့် ဦးထွန်းသိန်း ကပြောသည်။

ကျွန်တော်တို့ကို ရဲတွေကထွေထွေထူးထူးမေးမြန်းတာတွေကို မလုပ်ဘဲနဲ့ သူတို့က ကျွန်တော်တို့ကိုဖမ်းသွား တာကိုမှန်ကန်စွာ မြင်လိုက်သလား၊ သက်သေတွေ၊ အထောက်အထား အဲဒါတွေကိုမေးပါတယ်။ ဘယ်တပ်ရင်း ကဖမ်းသွားတာလည်း၊ ဘယ်နေရာကို ဖမ်းခေါ်သွားလည်းမမေးပါ။ အဲဒါကြောင့် ကျွန်တော်တို့ရဲတပ်ဖွဲ့ ကိုအားမရဘူး။ သူတို့ကအမှုမှန် ပေါ်အောင် မှန်မှန်ကန်ကန်ဆောင်ရွက် ပေးစေချင်တယ်

ဦးထွန်းသိန်း

ယင်းအပြင် တင်းမကျေးရွာသား ၂၁ ဦးမှာ သေဆုံးသွားခြင်းရှိ၊ မရှိဆိုသည်ကို မိသားစုဝင်များအနေ ဖြင့်သိရှိလိုကြောင်းနှင့် အကယ်၍ သေဆုံးသွားပြီဆိုလျင် တပ်မ ၅၅ ကိုဥပဒေကြောင်းအရအရေးယူပေးစေချင် သည်ဟု ဦးထွန်းသိန်းကပြောသည်။

ထို့အတူ ယခုဒီဇင်ဘာလ ၈ ရက်နေ့က တင်းမကျေးရွာမှဖမ်းဆီးခံမိသားစုဝင် ၂၀ ကျော်ခန့်သည် ကျောက်တော် မြို့မရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့စဉ် စခန်းရှိဂတ်စာရေးမှလက်မခံဘဲ ခြိမ်းခြောက်မှုများခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတိုင်တန်းစာအား လက်ခံခဲ့သည်ဟု မိသားစုဝင်များကပြောဆိုကြသည်။

မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ စစ်ဆေးမေးရန်အတွက် သွားရောက်စစ်ဆေးခံခဲ့သည့် ဖမ်းဆီးခံရသူ ဦးမောင်ကြည်လင်း၏ အစ်မဖြစ်သူ ဒေါ်မြဝင်းကြည်က ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် မိမိတို့အားအထက်မှစစ်ဆေးရန်တာဝန်ပေးသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ကျွန်မတို့ဖမ်းဆီးခံမိသားစုဝင်က တစ်ဆယ့်နှစ်ယောက်၊ သက်သေကသုံးယောက်ပေါ့။ မြောက်ဦးမှာ အစစ်အဆေးခံခဲ့တယ်။ ကျွန်မတို့ကိုသူတို့က ခင်ဗျားမောင်လေးကိုဘယ်သူကဖမ်းသွားတာလဲ။ ဖမ်းသွားတာ ဟုတ်လားမေးတယ်။ ပြီးတော့ ခင်ဗျားတို့ကို စစ်ဆေးရတာက ကျွန်တော်တို့မှာအထက်ကအမိန့်ပေးလို့ စစ်ဆေးရ တာဖြစ်တယ်။ အကူအညီလိုရင်လည်းပြောလို့ ပြောတယ်။ ဒီအပေါ်မှာကျွန်တို့အနေနဲ့ ရဲတပ်ဖွဲ့ကို ယုံကြည်ရမလား၊ မယုံကြည်ရဘူးလားဆိုတာကို သူတို့ရဲ့လုပ်ဆောင်တာကိုကြည့်ပြီးမှ ပြောလို့ရမယ်

တင်းမကျေးရွာသား ၂၁ ဦးအား တပ်မတော်မှဖမ်းဆီးသွားသည့်အချိန်မှစ၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားစာပေးပို့ထားခဲ့သော်လည်း ၎င်းတိုင်တန်းစာအားတစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိဟု ကျောက်တော်မြို့မှလွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။

ရဲတပ်ဖွဲ့အနေဖြင့် နစ်နာသွားသည့်ပြည်သူများ၏ ဘဝကို မည်သည့်အတိုင်းအတာ တစ်ခုထိလုပ်ဆောင်ပြီး လူ့အခွင့်အရေးနှင့် ပတ်သက်သည့် နိုင်ငံသားအခွင့် အရေးပေါ်မည့်သည့်အတိုင်း အတာထိလေးနက်မှု ထားလည်းဆိုသည့်အပေါ်မူတည်သည်ဟု ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောသည်။

ဒီအပေါ်မှာဘယ်လောက် ထိလုပ်ဆောင်သွားမလဲဆိုတာကို သူတို့ကနစ်နာခဲ့တဲ့ပြည်သူတွေရဲ့ဘဝတွေ ကိုဘယ် လောက်စာနာမှု ထားပြီး တော့၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့နိုင်ငံသားအခွင့်အရေးပေါ်မှာ ဘယ်လောက်ထိ လေးနက်မှုထားလဲအပေါ်မှာ မူတည်လို့ ဆိုင်မှာပေါ့။လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ဘာဖြစ်လာ မလဲဆိုတာကိုတော့ ခန့်မှန်းလို့ မရဘူးပေါ့။

ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။ တင်းမကျေးရွာသားများအား ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်စုံတစ်ရာမသိရှိသေး ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်