Rakhine students arrested
test1

ရခိုင်မှ ကျောင်းသား ၄ ဦး အယူခံလွှာပယ်ချခံရ၊ ပြည်နယ်တရားလွှတ်တော်ထိ အယူခံလွှာတင်မည်


Western News

ရခိုင်တွင် အစိုးရနှင့် မြန်မာစစ်တပ်မှ လူ့အခွင့်ရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ရခိုင်မှ ကျောင်းသား ၄ ဦး၏ အယူခံလွှာအား စစ်တွေခရိုင်တရားရုံးက စက်တင်ဘာ ၂၃ ရက်တွင် ပယ်ချလိုက်ကြောင်း အမှုလိုက်ရှေ့နေက ပြောသည်။

အမှုအား ကျူးလွန်ကြောင်းဝန်ခံသည့် ကျောင်းသားများကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းမှာ လွန်စွာနစ်နာပြီး၊ အကြောင်းအရာတစ်ခုအပေါ် ပုဒ်မနှစ်ခုတပ်၍ တရားစွဲဆိုခြင်းမှာ ဥပဒေကြောင်းအရ မှားယွင်းသည့်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၂အရ အယူခံလွှာတင်သွင်းခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Western News ကိုပြောသည်။

“ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပါလျှက်နဲ့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တာဟာ ကျောင်းသားတွေအတွက် အင်မတန်မှ နစ်နာမှုရှိတယ်။ ဒါကြောင့် ပြစ်ဒဏ်ကို လျော့ပေးပါဆိုပြီးတော့ပေါ့။ ဒီဟာက ၁ ချက်။ နောက်တခုက အကြောင်းအရာတစ်ခုကို ပုဒ်မနှစ်ခုတပ်ကာ တရားစွဲပြီးတော့ ပြစ်ဒဏ်နှစ်ကြိမ်ပေးတာဟာ ဥပဒေကြောင်း အရမှားတယ်။ ဒါကြောင့် ကျနော်တို့က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ အရ အယူခံတင်သွင်းတာ ဖြစ်တယ်။ ဒါကို စစ်တွေခရိုင်တရားသူကြီးကိုယ်တိုင် အမှုကိုကြားနာတယ်။ လျှောက်လဲချက်ပေးခိုင်းတယ်။ ခရိုင်တရားသူကြီးက အမှုကိုပလပ်လိုက်တယ်” ဟုပြောသည်။

အယူခံလွှာတင်သွင်းမှုအား ခရိုင်တရားရုံးက ပယ်ချလိုက်သော်လည်း လာမည့်အပတ်တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ဆက်လက်အယူခံလွှာတင်သွင်းသွားမည်ဟု သူက ပြောသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ တွင် ဝန်ခံထားသောသူသည် အောက်ရုံးမှ ပြစ်ဒဏ်ချမှတ်လျှင် အယူခံဝင် ခွင့်မရှိသော်လည်း ဥပဒေကြောင်းအရမှားယွင်းလျှင် အယူခံဝင်ခွင့်ရှိပြီး ချမှတ်သည့်ပြစ်ဒဏ်မှာများလွန်း လျှင်လည်း ပြစ်ဒဏ်အား လျော့ပေါ့ပေးရန် အယူခံဝင်ခွင့်ရှိသည်ဟုပါရှိသည်။

ယင်းအပြင် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု(သို့) ပျက်ကွက်မှု တစ်ခုသည် ဥပဒေနှစ်ရပ်(သို့) နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူအား ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်။ ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မကျခံစေရ ဟု ပြဌာန်းထားသည်။

ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ဖြစ်သည်။

အဆိုပါကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရပြီးနောက် အဆိုပါကျောင်းသား ၄ ဦးမှာ အမှုကို ၁ နှစ်နီးပါးကြာ ရင်ဆိုင်ခဲ့ရပြီး စက်တင်ဘာလ ၁၆ ရက်နေ့က စွဲချက်အမိန့်ချမည့် ရုံးချိန်းတွင် အပြစ်ရှိကြောင်းဝန်ခံခဲ့ကြသည့်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) ခ ကို ထောင်ဒဏ် (၂) နှစ်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ ကို ထောင်ဒဏ် ၆ လ စီဖြင့် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်